Skip to main content
အင်နီယေစတာဝိုင်နှင့်အတူ တွေ့ ရသည့် အင်နီယေစတာ
Ads Block

ဘာစီလိုနာကနေထွက်လိုက်တဲ့ အင်နီယေစတာကို ၀ိုင်နှစ်သန်းဝယ်ပေးမည်ဟု တရုတ်ကလပ်အသင်း ကမ်းလှမ်း

စပိန်ကလပ် ဘာစီလိုနာအသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်ကစားသမား အင်နီယေစတာက ယခုနှစ်ဘောလုံးရာသီအကုန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုထုတ်ဖော်ပြောဆို လိုက်သည်။

ဘာစီလိုနာ ကစားသမား အင်နီယေစတာ

အသက် ၃၃ နှစ်အရွယ်ရှိ စပိန်ကစားသမား အင်နီယေစတာသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဘာစီလိုနာ လူငယ်အသင်းတွင် ပါဝင်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် ဘာစီလိုနာအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။ ဘာစီလိုနာအသင်းနှင့် အင်နီယေစတာတို့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် သူ၏ ကစားသမားဘ၀ ကုန်ဆုံးချိန်အထိ ဘာစီလိုနာအသင်းတွင် ပါဝင်ကစားသွားရန် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင် မိမိ၏ ဘာစီလိုနာကစားသမားဘ၀ကို ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်၌ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ၌ ဘာစီလိုနာမှ ထွက်ပြီဟု အသိပေးစဉ်

သတင်းစာရှင်းလင်းပွဲတွင် “အခုနှစ်ဘောလုံးရာသီက ကျွန်တော့်ရဲ့ ဘာစီလိုနာကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချဖို့ အချိန်အကြာကြီး စဉ်းစားခဲ့ရတာပါ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှိနေခဲ့တဲ့ ဘာစီလိုနာအသင်းကို နှုတ်ဆက်စကားပြောရတဲ့ ဒီလိုနေ့မျိုးဟာ ကျွန်တော့်အတွက် အလွန်ခက်ခဲပါတယ်။ ဘာစီလိုနာအသင်းကို အလွန်ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုခဲ့သည်။ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၆၆၇ ပွဲ ပါဝင်ကစားထားကာ ၅၇ ဂိုးသွင်းယူထားပြီး ဘာစီလိုနာအသင်းနှင့်အတူ စပိန်လီဂါချန်ပီယံဆုဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်အပါအ၀င် ဆုဖလား များစွာ ရယူနိုင်ခဲ့သူဖြစ်သည်။

သူသည် ဘာစီလိုနာအသင်းမှ ထွက်ခွာပြီးနောက် တရုတ်စူပါလိဂ်ကလပ်အသင်း တစ်သင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟုဆိုသည်။ အမည်ဖော်ပြခြင်းမရှိသည့် တရုတ်စူပါလိဂ်အသင်းတစ်သင်းတစ် သင်းသည် အင်နီယေစတာအနေဖြင့် မိမိတို့အသင်းသို့ ပြောင်းရွှေ့လာမည်ဆိုပါက အင်နီယေစတာပိုင် ၀ိုင်စက်ရုံမှ ထုတ်လုပ်သည့် ၀ိုင်ပုလင်းပေါင်း ၂ သန်းအား ၀ယ်ယူသွားမည်ဟု ကတိပေးကမ်းလှမ်းထားသည်။

  -  အကုန်သိသတင်းဌာန

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။