Skip to main content
မင်းဆွေလှိုင်
Ads Block

ဆန်စားသုံးတဲ့နှုန်းက တက်လာချင်မှ တက်လာမယ်။ အင်တာနက် ဒေတာစားသုံးတဲ့နှုန်းက တက်လာဖို့ ပဲရှိတယ် 

အင်တာနက်ဟာ ကမ္ဘာကြီးကို ရွာကြီးဖြစ်စေခဲ့တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးနည်းပညာတိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန့် သိလာတာဟာ ဆယ်စုနှစ်တစ်ခုတောင် မရှိသေးပါဘူး။ အထူးသဖြင့် ၆၀ ရာခိုင်နှုန်းကျော်သော ကျေးလက်ဒေသက ပြည်သူတွေဟာ အင်တာနက်လို့ ပြောလိုက်တာနဲ့ ဖေ့ဘွတ်ကို အရင်ဆုံးပြေးမြင်နေကြဆဲပဲ ဖြစ်ပါတယ်။ အင်တာနက်ဟာဘာလဲ ၊ အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးဟာဘာလဲဆိုတာနဲ့ အင်တာနက်အသိပညာတွေ ဘယ်လောက် သိရှိနားလည်ထားကြပြီလဲဆိုတာတွေကို ဆန်းစစ်နိုင်ဖို့ အတွက် အင်တာနက်ကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းစုတစ်ခုရဲ့ ဦးဆောင်သူ Global Technology Group ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးမင်းဆွေလှိုင်နဲ့ မေးမြန်းထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

မေး - မင်္ဂလာပါ အစ်ကိုခင်ဗျ။ မြန်မာနိုင်ငံကို အင်တာနက် စတင်ရောက်ရှိလာပုံနဲ့ မြန်မာတွေ အင်တာနက်ကို ဘယ်လမ်းကြောင်းတွေပေါ်ကနေ စတင်အသုံးချနေကြသလဲဆိုတာလေးကို နည်းနည်းရှင်းပြပေးပါဦး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနေ ပြန် စကောက်ပြီးတော့ ရှင်းပြတာမျိုးပေါ့။
ဖြေ - လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလမှာ အင်တာနက်သုံးစွဲရတဲ့အနေအထားကတော့ အဲဒီအချိန်ကာလက အစိုးရပိုင်လည်းဖြစ်တဲ့ ဈေးကွက်ကို တစ်ဦးတည်းအပိုင်သိမ်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးပဲ ရှိခဲ့တာပေါ့နော်။ မြန်မာ့ဆက်သွယ်ရေးက Dial-up အင်တာနက်ရရှိမှုဆိုပြီးတော့ အင်တာနက်ဈေးကွက်ကြီးကို သက္ကရာဇ် ၂၀၀၀ ပတ်ဝန်းကျင်လောက်မှာ စခဲ့တာပေါ့။ ကျွန်တော်တို့ ကျောင်းသားဘ၀မှာကတည်းက Dial-up အင်တာနက်ကိုပဲ သုံးခဲ့ရတာ။ အဲဒီကနေမှ သက္ကရာဇ် ၂၀၀၂-၂၀၀၃ လောက်မှာ Bagn Cyber Tech ဆိုပြီးတော့ ပေါ်လာပြီးတော့ Broadband ကြိုးမဲ့ဆိုပြီးတော့ BWLL အဖြစ် ဈေးကွက်ထဲမှာ သုံးစွဲခွင့်ရလာတယ်။ အဲဒီအချိန်မှာတော့ ကျယ်ကျယ်ပြန့် ပြန်မဟုတ်ရင်တောင် အရင်ထက်စာရင် ပိုပြီးတော့ အင်တာနက်သုံးခွင့်ရလာတယ်။ အဲဒီကနေမှ ၂၀၁၀ ပတ်ဝန်းကျင်၊ ၂၀၀၇ ပတ်ဝန်းကျင်လောက်ကနေ ADSL တွေ သုံးစွဲခွင့်ရလာတယ်။ ADSL ရဲ့ ကာလက တော်တော်လေးကြာခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း တယ်လီဖုန်းမှာ 3G ၀န်ဆောင်မှုတွေ ပေးမယ်ဆိုပြီးတော့ 3G ဖွင့်ပေးခဲ့တာတွေ ရှိတယ်။ နောက်ပြီး Broadband မှာလည်း ကြိုးမဲ့အဖြစ် Wimax လိုမျိုးတွေ ဆက်ပြီး ပေါ်လာခဲ့တယ်ပေါ့။ ၂၀၁၃ တယ်လီကွန်းတွေ ပြည်ပကနေ ၀င်ခွင့်ပေးလိုက်တဲ့အချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေးဝန်ဆောင်မှုတွေဖြစ်တဲ့ တယ်လီနော၊ အော်ရီဒူးတို့  ၀င်လာတဲ့အချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာကို 3G ကွန်ရက်ဖြန့် ကျက်နိုင်တဲ့အတွက် ဒီဝန်ဆောင်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိတွေ့ ခွင့်ရခဲ့တယ်။ အဲဒီမှာပဲ အင်တာနက်ကို ကျယ်ကျယ်ပြန့် ပြန့် နဲ့ ကျွန်တော်တို့ တိုင်းပြည်ကလူတွေ သုံးစွဲခွင့်ရလာခဲ့တာ။ ယနေ့ အချိန်မှာဆိုရင်တော့ ၂၀၁၃ တယ်လီကွန်းဥပဒေတွ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ISP တွေကိုလည်း အသီးသီးလိုင်စင်ပေးခဲ့တဲ့အတွက် ISP ပေါင်းတော်တော်များများ ဈေးကွက်ထဲမှာရှိလာပါတယ်။ ISP တွေအနေနဲ့ ဆိုရင် FTTH နဲ့ ပေးနေတာရှိတယ်။ Wimax နဲ့ ပေးနေတာလည်းရှိတယ်။ နောက်ပြီးတော့ အော်ပရေတာတွေကနေ ကြိုးမဲ့ 4G နဲ့ Brodaband အင်တာနက်ကို ပေးနေပြီ။ ဈေးကွက်ထဲမှာတော့ ISP ပေါင်း ၁၁ ခုလောက်ရှိနေတယ်လို့ Internet in Myanmar က တွက်ချက်ထုတ်ပြန်ထားပါတယ်။ အဓိကကတော့ ခွဲခြားပြရရင် ဖိုက်ဘာနဲ့ ပေးနေတဲ့ ၀န်ဆောင်မှုနဲ့ ကြိုးမဲ့ ပေးနေတဲ့ ၀န်ဆောင်မှု နှစ်ပိုင်းအဖြစ် ကွဲကွဲပြားပြား ရှိနေပါတယ်။ သုံးစွဲသူတွေအနေနဲ့ က အဲဒီနှစ်ခုလုံးကို ရွေးချယ်ခွင့်ရှိနေပါပြီ။

မေး - အင်တာနက်ဝန်ဆောင်မှုရဖို့ အတွက်မှာ တယ်လီကွန်းလိုင်းတွေနဲ့ ဖိုင်ဘာဆက်ကြောင်းဝန်ဆောင်မှု ဆိုပြီး နှစ်ခုရှိမယ်ပေါ့။ ဒီနေရာမှာ တယ်လီကွန်းတွေက ရှေ့ ကို အရမ်းရောက်နေပြီး ဖိုင်ဘာက နောက်မှာကျန်ခဲ့တာကို တွေ့ ရတယ်နော်။
ဖြေ - အဓိကကတော့ ကွန်ရက်ဖြန့် ကျက်နိုင်မှုမှာတော့ မိုဘိုင်းအော်ပရေတာတွေက အကျယ်ပြန့် ဆုံးလည်းဖြစ်တဲ့အတွက် လူဦးရေအားလုံးနီးပါးအပေါ်မှာ ခြုံငုံပြီးတော့ ဈေးကွက်ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ISP တွေရဲ့ နက်ဝ့ါခ်တွေကလည်း သူတို့ နောက်ကို တဖြည်းဖြည်း လိုက်လာနေပါပြီ။ ဥပမာ ရန်ကုန်လိုမျိုး၊ မန္တလေးလိုမျိုးနဲ့ တစ်ခြားမြို့ ကြီးတွေမှာဆိုရင် ဖိုင်ဘာနက်ဝ့ါခ်နဲ့ ဝန်ဆောင်မှုတွေမှာ ISP ကုမ္ပဏီ တစ်ခုတည်းမဟုတ်ဘဲ တစ်ခုထက်ပိုတဲ့အနေအထားမျိုးတွေ တွေ့ နေရပြီပေါ့။ ရန်ကုန်မှာဆိုရင် ကုမ္ပဏီ ၁၁ ခုလောက်က ၀န်ဆောင်မှုတွေပေးနေတယ်ပေါ့။ ကျွန်တော်ထင်ပါတယ်။ အနှေးနဲ့ အမြန်ဆိုသလို ISP နက်ဝါ့ခ်တွေက တဖြည်းဖြည်းနဲ့ မြို့ ကြီးတွေ အကုန်လုံးနီးပါးကို ရောက်ပါမယ်။ တောနေ လူတန်းစားဆီကို ရောက်ဖို့ ကတော့ အချိန်ကာလတစ်ခုအထိ ကြာနေဦးမယ်လို့ ယူဆပါတယ်။ 

မေး - ဈေးနှုန်းအရဆိုရင်လည်း ပြည်သူတွေက သူတို့ သုံးနေရတဲ့အင်တာနက် လိုင်းရရှိခြင်း အပါအ၀င် အပိုဝန်ဆောင်မှုတွေနဲ့ ပေးချေရတဲ့ ငွေပမာဏတွေမှာ မျှတတဲ့ အနေအထားကို ရောက်နေပြီလား။
ဖြေ - အင်တာနက်ဈေးနှုန်းကို ပြောမယ်ဆိုရင် ကြိုးမဲ့နဲ့ ကြိုးတပ်ဆိုတဲ့ နှစ်ပိုင်းကို အရင်ပြောရပါမယ်။ ကြိုးတပ်တဲ့ စနစ်ကတော့ အကန့် အသတ်မရှိ အင်တာနက် လက်ခံရရှိသုံးစွဲနိုင်မှုရတဲ့အနေအထားပေါ့။ ကြိုးမဲ့ကတော့ အကန့် အသတ်မရှိ အင်တာနက် ရရှိမှုကို သွားဖို့ အတွက် ယနေ့ 4G ဆိုတာ ပေါ်လာပါပြီ။ သူက အတိုင်းအတာတစ်ခုအထိတော့ အကန့် အသတ်မရှိ အင်တာနက်ကို သွားလို့ တော့ ရတယ်။ သို့ သော်လည်း ကြိုးမဲ့ဖြစ်တဲ့အတွက် အင်တာနက်လှိုင်းနှုန်း ပမာဏပေါ်မှာမူတည်ပြီး ပေးနေရတာဖြစ်တဲ့အတွက် 4G မှာလည်း အကန့် အသတ်လေးတွေရှိပါတယ်။ ကြိုးမဲ့ကို သွားမယ်ဆိုရင် ဒေတာဒေါင်းလုပ်နဲ့ ပြောကြပါတယ်။ 1Mb ကို တစ်ကျပ်လား ငါးကျပ်လားဆိုတာ ယနေ့ အော်ပရေတာတွေ ကြော်ငြာနေတာ တွေ့ ရပါလိမ့်မယ်။ နောက်ဆုံးရထားတဲ့ အော်ပရေတာဆိုရင် ကြော်ငြာနေတာမှာ ၅၀၀၀ ပေးလိုက်ရင် ဘာတွေပါမယ်ဆိုတဲ့ Plan တွေပါနေသလို ဒါကိုတော်တော်လေး စိတ်ဝင်စားနေကြတယ်လို့ ကြားတယ်။ ကြိုးနဲ့ ချိတ်ဆက်ရတဲ့အပိုင်းမှာကျတော့ ဒေါင်းလုပ်နဲ့ မတွက်တော့ဘဲ Speed နဲ့ တွက်ချက်ရလေ့ရှိပါတယ်။ အရင်တုန်းက 1Mb မှာ ဈေးနှုန်းကို ၈၀၀၀ နှုန်းနဲ့ သွားနိုင်ဖို့ ကြေညာခဲ့တာရှိတယ်။ အခု ၅၀၀၀ နှုန်းနဲ့ ပေးနေပါပြီ။ တစ်ဦးချင်းသုံးစွဲတဲ့ ဆင်းမ်ကတ်နဲ့ အိမ်မှာ မိသားစုသုံးတဲ့ Broadband ကို ယှဉ်ကြည့်မယ်ဆိုရင် အိမ်သုံးက ဈေးပိုသက်သာမယ်။ ဈေးကတော့ အပြိုင်အဆိုင်တွေများလာမယ်ဆိုရင် ကျကို ကျမယ်။ ထိုင်းနဲ့ ဆိုရင် ကျွန်တော်တို့ နဲ့ က မတိမ်းမယိမ်းဖြစ်လာတယ်။ ဒါပေမဲ့ သူတို့ က Speed က ပိုမြန်တယ်။ သူတို့ က Contents တွေမှာ Localize ဖြစ်တာများနေပြီ။ နိုင်ငံတကာကို Gateway ထွက်တာ နည်းသွားတယ်။ ကျွန်တော်တို့ ဆီမှာက နိုင်ငံတကာထွက်တဲ့ Gateway က များနေသေးတယ်။ နောင်တစ်ချိန်မှာ ပြည်တွင်းက Contents တွေ များလာလေလေ ဈေးနှုန်းက ကျသွားနိုင်လေလေပါပဲ။ 

မေး - ကမ္ဘာမှာတော့ အင်တာနက်ကိုအခြေခံတဲ့ စီးပွားရေးတွေက ထိပ်တန်းကိုရောက်လာနေတာတွေ့ ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ကရော အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အလားအလာက ဘယ်လိုဦးတည်နေပြီလဲ။
ဖြေ - အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးဆိုတာက ကျွန်တော်တို့ ရဲ့ ယနေ့ ကမ္ဘာကြီးက ဘယ်ကိုပြောင်းလဲနေလဲဆိုတာ ကြည့်ရတော့မယ်။ ကမ္ဘာကြီးက Innovation ဆိုတာကို လူတိုင်းပြောနေကြပြီ။ အရင်က လူတွေနဲ့ လုပ်တဲ့အလုပ်တွေက စက်ရုပ်တွေ၊ စက်တွေနဲ့ ဖြစ်လာပြီ။ စက်တွေနဲ့ အလုပ်လုပ်ဖို့ အတွက်ဆိုရင် ကွန်ပျုတာစနစ်တွေ မသုံးလို့ မရဘူး။ ကွန်ပျုတာစနစ်ကိုသုံးပြီဆိုရင် အဲဒီကွန်ပျုတာတွေအချင်းချင်းကို ကျွန်တော်တို့ က ချိတ်ရတော့မယ်။ ဥပမာဆိုပါစို့ အခု မြန်မာပြည်မှာ Right Sharing App တွေဖြစ်တဲ့ အိုးဝေတို့ OK တို့ Grab တို့ က အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးပဲ။ ထိုနည်းလည်းကောင်းပဲ Door to Door ၀န်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ အစားအသောက်ဝန်ဆောင်မှုတွေပေါ့။ ဒါတွေက အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးပေါ့။ အင်တာနက်က သုံးစွဲသူ သန်း ၅၀ လုံးပေါ်မှာ ရောက်သွားပြီဆိုရင် ကျွန်တော်တို့ ထိုင်ရာမထ အလုပ်လုပ်လို့ ရပြီ။ တက္ကစီတွေကိုလည်း လမ်းထိပ်ထွက်စရာမလိုဘဲ အိမ်ထဲကနေ လှမ်းခေါ်လို့ ရနေပြီ။ နောက်ဆိုရင် ပဲပြုပ်သည်အထိ ခေါ်လို့ ရမယ်။ ပဲပြုပ်သည်က လမ်းတွေကို မလာတော့ဘဲ ပေ့ခ်ျထောင်ပြီးတော့ မနက်လင်းတာနဲ့ ပဲပြုပ်ယူကြဦးမလားဆိုရင် ၀ယ်မယ့်သူကလည်း လှမ်းမှာလိုက်ရုံပဲ။ Home Delivery ၀န်ဆောင်မှုနဲ့ ပို့ လိုက်ရုံပဲ။ ဒီလောက်အထိ သွားလို့ ရပါတယ်။ အင်တာနက်ကို အခြေခံတဲ့ စီးပွားရေးကတော့ စိတ်ကူးယဉ်လိုက်။ စိတ်ကူးယဉ်လိုက်ရင် အကောင်အထည်ဖော်လို့ ရတဲ့စနစ်ကြီးပဲ။ 

မေး - မြန်မာနိုင်ငံက လက်ရှိခံစားရရှိနေတဲ့ အင်တာနက်ရရှိမှုက ဘယ်လောက်အထိ ရှိနေပြီလဲ။ အင်တာနက် စားသုံးမှုအနေအထားကရော ဘယ်လောက်တိုးတက်လာနေပြီလဲ။ 
ဖြေ - ဒေတာအချက်အလက်ကတော့ တိတိကျကတော့ ထုတ်ပြန်ထားတာမရှိဘူး။ ကျွန်တော်တို့ ခန့် မှန်းထားတာကတော့ သုံးစွဲသူနှုန်းဟာ ကျသွားတာမရှိဘူး။ တက်လာတာပဲရှိတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူမှုစီးပွားရေးတွေအကုန်လုံးက အင်တာနက်ပေါ်ကို ရောက်ကုန်ပြီလေ။ အင်တာနက်ဒေတာသုံးစွဲမှုက နမူနာတွက်ပြရရင် ဆန်စားသုံးမှုလိုပဲ။ ဆန်စားသုံးတဲ့နှုန်းက တက်လာချင်မှတက်လာမယ်။ ဒေတာစားသုံးတဲ့နှုန်းက တက်လာဖို့ ပဲရှိတယ်။ အိမ်ထောင်စုတစ်စုက တစ်လကုန် ဆန်နှစ်ပြည်ကုန်တယ်ဆိုရင် နောက်နှစ်မှာ ဆန်နှစ်ပြည်ကုန်ချင်မှ ကုန်တော့မယ်။ အင်တာနက်ဒေတာစားသုံးမှုမှာတော့ အိမ်ထောင်စုတစ်စုက ဒီနှစ်မှာ 10G သုံးတယ်ဆိုရင် နောက်နှစ်မှာဆိုရင် သေချာပေါက် 20G ဖြစ်မှာ သေချာတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ တွေရဲ့ နေ့ တဓူဝလုပ်ငန်းတွေက အင်တာနက်အပေါ်ကို တက်လာရလို့ ပါပဲ။ ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် တစ်လကိုဒေါ်လာသန်း ၃၀၀ လောက်ရှိတယ်တဲ့။ တယ်လီကွန်းကုမ္ပဏီတွေ ရရှိနေတဲ့ ၀င်ငွေက။ အဲဒါကို ပြန်ကြည့်ရင် နေ့ စဉ် လူတစ်ယောက်က ဒေတာဘယ်လောက်အထိ စားသုံးသလဲဆိုတာ ပြန်တွက်ကြည့်လို့ ရတယ်။ အင်တာနက်အတွက် နိုင်ငံတကာက ဂိတ်ဝေးတွေကနေ ၀င်လာတာမှာ ISP တွေက တရားဝင်ထုတ်ပြန်မထားပေမယ့် မှန်းထားတာကတော့ တစ်ယောက်ကို 100G ရှိမယ်ပေါ့။ ၁၁ ဦးမှာဆိုရင် တစ်ဦးကို 20G ဆိုရင်တောင်။ အဲဒီနှစ်ခုကိုပေါင်းလိုက်ရင် တစ်လကို 620G ထက်မနည်း ဖြစ်သွားပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကို မပြောသေးဘူး။ ၂၀၁၃ လောက်ကနေ တွက်ရင်တောင် အဆပေါင်းများစွာ တက်သွားပြီ။

မေး - အင်တာနက်သုံးစွဲမှု ဆိုတာမှာလည်း မြန်မာတွေ သုံးစွဲတဲ့ပုံစံက ထူးခြားနေတာမျိုး မြင်တွေ့ ရလား။ အထူးသဖြင့် အင်တာနက်လို့ ပြောရင် ဖေ့ဘွတ်ကိုပဲ ပြေးမြင်ကြတာများသလို ဖေ့ဘွတ်က နေ့ စဉ်ဘ၀ကြီးလို ဖြစ်လာနေသလိုပဲ။
ဖြေ - အဓိကကတော့ ချမ်းသာတဲ့သူတွေချည်းပဲ သုံးတာမဟုတ်တော့ဘဲ လူတော်တော်များများက နေ့ တဓူဝ သုံးတဲ့ပုံစံဖြစ်လာနေလို့ ပါပဲ။ တက္ကစီငှားတော့မယ်ဆိုရင်တောင် ဖုန်းဒေတာကို ဖွင့်ပြီး ငှားကြတာမျိုးဖြစ်လာတယ်။ ဖေ့ဘွတ်ပေါ်ကနေ အကျီင်္တွေ အစားအသောက်တွေ ရောင်းနေတာမျိုးတွေ။ Facebook Shopping လိုပေါ့။ နောက်ပြီး အလှအပရေးရာဘက်ကလည်း Beauty Blogger တွေက ကြော်ငြာတာမျိုးကျရင်လည်း ၀င်ကြည့်ရပြန်ရော။ အင်တာနက်က နေ့ တဓူဝအသုံးထဲမှာ ပါလာနေပြီလေ။ ခုနကပြောသလို ပဲပြုပ်သည်ကတောင် ဖေ့ဘွတ်ပေါ်ကနေ Live လေးလွှင့်ပြီး ပဲပြုပ်ယူကြဦးမလားဆိုတာနဲ့ လှမ်းပြီး မှာကြတာမျိုးတွေ ဖြစ်လာမှာပေါ့။ လိုအပ်လို့ လားဆိုတော့ ကျွန်တော်တို့ လူ့ အသိုင်းအ၀ိုင်းကိုကတည်းက ဘယ်လိုမျိုးသုံးနေလဲဆိုတာက သက်သေပဲလေ။ 

မေး - ကျွန်တော်တို့ မြန်မာတွေ ဖေ့ဘွတ်သုံးစွဲနေတဲ့ပုံစံ၊ ဆိုရှယ်မီဒီယာကို သုံးစွဲနေတဲ့ပုံစံက ဘယ်လိုမျိုးဖြစ်နေပြီလဲ။ ဆိုရှယ်မီဒီယာအကြောင်း နားလည်နေကြပြီလို့ ပြောနိုင်လား။ ဘာတွေ သုံးသင့်လဲ ။ ဘာတွေ လွဲနေလဲ။
ဖြေ - User တွေရဲ့ အမူအကျင့်ကိုကတည်းက ကိုယ့်ဘေးကလူက ဘယ်လိုသုံးနေလဲ။ ဘာတွေသုံးနေလဲဆိုတာကနေ သင်ယူသွားကြတာပေါ့။ ဒါကြောင့်မို့ လည်း IPhone အောင်မြင်တာပေါ့။ စတိဗ်ဂျော့က ဘာ Button မှ မပါဘဲ ထွင်ခဲ့တယ်။ အဲဒီအချိန်မှာ Nokia က Button တွေအများကြီးနဲ့ အောင်မြင်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ IPhone ကို အောင်မြင်မယ်လို့ ဘယ်သူမှ မထင်ကြဘူး။ ဒါပေမဲ့ လူတွေက "၀ါး" ဆိုပြီး ကြိုက်သွားကြတယ်။ နောက်တစ်ချက်က သုံးရတာ ဘယ်လောက်အဆင်ပြေလဲဆိုတာက အဓိကကျလာတယ်။ နောက်တစ်ခုက အင်တာနက်ပေါ်မှာ လူတွေက ဘာတွေသုံးကြလဲဆိုတော့ အလကားရတာကို သုံးကြတယ်။ အခုနောက်ပိုင်း အလကားရတဲ့ ထုတ်ကုန်တွေက ကမ္ဘာကျော်တွေဖြစ်လာတယ်။ ဥပမာ ဖေ့ဘွတ်လိုဟာမျိုးပေါ့။ ပထမဆုံး အလကားရတဲ့ Product က Google ပေါ့။ Google ကို လူတွေက မေ့နေလို့ ။ သက္ကရာဇ် ၂၀၀၀ လောက်မှာ ကျွန်တော်တို့ က Google ကနေ ရှာချင်တာ ရှာလို့ ရလာတယ်။ Search Engine ကြီးက အလုပ်လုပ်လာတယ်။ အဲဒီမတိုင်ခင်က အင်တာနက်မှာ ဘာမှရှာလို့ မရဘူး။ Google က အလကားပေးလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ ရှာချင်တာ ရှာလို့ ရသွားတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာ နည်းပညာက တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်ပြောင်းလဲလာတယ်။ သက္ကရာဇ် ၂၀၁၀ လောက်မှာ ဆိုရှယ်မီဒီယာတွေ ပေါ်လာပါတယ်။ သူ့ မတိုင်ခင်ကတည်းကလည်း ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေအတွက် Free မဖြစ်ဘူး။ အဆင်ပြေမှု မရှိသေးဘူး။ အခု ဖေ့ဘွတ်လိုဟာမျိုး ၊ Youtube လိုဟာမျိုးကျတော့ Free လည်းဖြစ်တယ်။ သုံးရတာလည်း သိပ်လွယ်ကူတယ်။ ဒါကြောင့် လူတွေက သုံးစွဲလာကြတယ်ပေါ့။ သုံးစွဲတာမှာလည်း ကျွန်တော်တို့ ဘယ်လိုသုံးစွဲမလဲဆိုတာကို ကျွန်တော်တို့ ကပဲ ဆုံးဖြတ်ရမှာပါ။ သူတို့ ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း နေထိုင်ကြဖို့ လိုပြန်တယ်။ အင်တာနက်မှာဆိုရင် ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိတာပဲ။ ဥပမာ 18+ ၀က်ဘ်ဆိုက်တွေလိုမျိုးပေါ့။ မြန်မာပြည်မှာ Block လုပ်မထားဘူး။ အိမ်နီးချင်းထိုင်းမှာဆိုရင်တောင် Block လုပ်ထားတယ်။ ကျွန်တော်တို့ ဆီမှာက ဘာဖြစ်လို့ လွှတ်ပေးထားတာလဲ။ ဥပဒေအရ လွှတ်ပေးထားတာလား။ ဒါမှမဟုတ် အသိပညာကြွယ်ဝနေပြီမို့ လို့ လားပေါ့။ အစိုးရအနေနဲ့ က သင့်တော်တာကို သင့်တော်သလို မသင့်တော်တာကို မသင့်တော်တဲ့အကြောင်း စနစ်တကျ စည်းကမ်းနဲ့ သုံးခွင့်ရအောင် ကြပ်မတ်ပေးဖို့ လိုပါတယ်။ ဥပမာပြောရရင် ဓါးက ဟင်းချက်တဲ့နေရာမှာ လှီးဖြတ်ဖို့ သုံးတာဆိုရင် အသုံးဝင်တဲ့ပစ္စည်းဖြစ်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ လူသတ်တဲ့နေရာမှာသုံးရင်တော့ အန္တရာယ်ရှိတဲ့ပစ္စည်းဖြစ်သွားတာပေါ့။ ဒီလိုပါပဲ အင်တာနက်က။

မေး - အင်တာနက်စီးပွားရေးအကြောင်းပြောရင် အင်တာနက်လိုင်းထုတ်လုပ်ပေးတဲ့ တယ်လီကွန်းတွေ၊ ဖိုင်ဘာဆက်ကြောင်းကုမ္ပဏီတွေက တစ်ဖွဲ့ ၊ Contents လုပ်ငန်းငယ်တွေက တစ်ဖက် အပြန်အလှန်ပြောကြတာတွေရှိပါတယ်။ Contents လုပ်ငန်းငယ်တွေက ဖန်တီးသမျှကို အင်တာနက်ကုမ္ပဏီတွေက ငွေတွေ သဲ့ယူသလိုမျိုး ရနေတယ်ပေါ့။ ဒီအပေါ်မှာ Contents ထုတ်လုပ်သူတွေဘက်က အင်တာနက်ဒေတာ အတိုင်းအတာတစ်ခုခုလောက်ကနေ ၀င်ငွေပြန်ရတာမျိုး ဖြစ်သင့်တယ်လို့ ယူဆကြတယ်။ အစ်ကိုတို့ ရော ဘယ်လိုမြင်မိလဲ။
ဖြေ - ကမ္ဘာ့ဖိုရမ်တွေမှာလည်း ဒီကိစ္စတွေက ငြင်းခုံနေရတယ်။ ကျွန်တော်တက်ခဲ့တဲ့ ဘာစီလိုနာမှာ ကျင်းပတဲ့ GSMA ညီလာခံလိုမျိုးမှာဆိုရင် GSMA ဥက္ကဋ္ဌက တစ်ဖက်၊ ဖေ့ဘွတ်လိုမျိုး မာခ်ဇူကာဘတ်လိုမျိုးက တစ်ဖက် ငြင်းခုံကြတယ်ပေါ့။ GSMA ဘက်က ငါတို့ က တာဝါတိုင်တွေဆောက်ရတယ်။ ငွေကြေးရင်းနှီးမြုပ်နှံရတယ်။ လိုင်စင်ကြေးတွေ ပေးရတယ်။ မင်းတို့ ဖေ့ဘွတ်က တစ်ပြားမှမပေးရဘဲ ငါတို့ ရဲ့ အခြေခံအဆောက်အအုံပေါ်မှာတက်ပြီးတော့ မင်းရဲ့ အက်ပလီကေးရှင်းကို လွှင့်တယ်။ အဲဒီကနေပြီးတော့ လူတွေဆီကနေ ကြော်ငြာကို ကောက်တယ်။ ဒီတော့ မတရားဘူးပေါ့။ ဖေ့ဘွတ်ဘက်ကလည်း မာ့ခ်ဇူကာဘတ်က ပြန်ပြောတယ်။ သူက စီးပွားရေးလုပ်တာမဟုတ်ဘူး။ လူမှုအသိုင်းအ၀ိုင်းအတွက် အထောက်အကူပေးတာ။ ဖေ့ဘွတ်ကိုသုံးလို့ ဝေးကွာနေတဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းရတယ်ဆိုတဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်ပေါ့။ ဖေ့ဘွတ်က သုံးစွဲသူတွေကို လိုတာမဟုတ်ဘူး။ သုံးစွဲသူတွေကသာ ဖေ့ဘွတ်ကို လိုအပ်နေတာ။ သုံးစွဲသူတွေက လိုင်းတွေပေါ်တက်ပြီးတော့ ဒေတာတွေ စားသုံးတဲ့အတွက် ပေးခြင်းပေးရင် မင်းတို့ ကတောင် ငါ့ကို ဒေတာစားတဲ့ငွေကြေးဖို့ အထိုက်အလျောက်ပြန်ပေးရမယ်ဆိုပြီး ဇူကာဘတ်က ပြောတယ်။ ဒါက ကြက်ဥနဲ့ ကြက်မ ပုံပြင်လိုပဲ။ ဆင်နဲ့ ဆိတ်နဲ့ တိုက်တဲ့ပွဲမှာဆိုရင်တော့ ဆိတ်က ရှုံးမှာပဲ။ ကိုယ်က ဆင်လောက်ဖြစ်အောင်လုပ်မလား ၊ ဆိတ်အဖြစ်နဲ့ ဆက်နေမလားပေါ့။ အော်ပရေတာတွေအနေနဲ့ ကလည်း Content Creator တွေ သေးနေချိန်မှာ ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။ ဖေ့ဘွတ်နဲ့ Youtube တို့ စတင်စဉ်တုန်းကဆိုရင် ဘယ်သူမှတောင် သတိထားတာမဟုတ်ဘူး။ ကိုယ်ကြီးလာရင်တော့ သူတို့ ရောက်လာလိမ့်မယ်။ ဒီတော့ Content Creator တွေကို အကြံပေးချင်တာက ကိုယ်က Content တွေလုပ်တော့မယ်ဆိုရင် Pay Platform ကိုသွားမလား Free ကိုသွားမလားဆိုတာ စဉ်းစားသင့်တယ်။ သုံးစွဲသူတွေကတော့ Free ကို ကြိုက်တယ်။ Free လုပ်ရင်ရော Content သမားတွေက ၀င်ငွေမရှိခင်ရှေ့ ဆက်နိုင်ပ့ါမလားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုတော့ ရွေးထားရမှာပဲ။ Tik Tok ဆိုရင် တရုတ်ပြည်ကနေ အောင်မြင်လာတဲ့ App ပေါ့။ သူက ဈေးကွက်ထဲကို ထည့်လိုက်တဲ့ ၆ လအတွင်းမှာ သုံးစွဲသူ သန်း ရာဂဏန်းရသွားတယ်။ အခုနောက်ပိုင်း ကလေးတွေသုံးကြတယ်။ သီချင်းလေးတွေနဲ့ ကလို့ ရတယ်လေ။ Youtube ကိုတောင် နောက်ပိုင်းမှာ ပြိုင်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာတယ်။ ဒါပေမဲ့ ဝေးပါသေးတယ်။ Content Creator တွေမှာ ဂိမ်းတွေဆိုရင်လည်း ပိုကီမွန်တို့ ဘာတို့ အပါအ၀င် နှစ်အလိုက် လအလိုက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တာပဲ။ 

မေး - မြန်မာအစိုးရရဲ့ အင်တာနက်စီးပွားရေးအပေါ် ကြိုတင်ပြင်ဆင်မှု ၊ ဆိုရှယ်မီဒီယာအပေါ် ကြိုတင်ပြင်ဆင်မှုနဲ့ ဒီဂျစ်တယ်ကဏ္ဍကြီးတစ်ခုလုံးအပေါ် လုပ်ငန်းစံသတ်မှတ်မှုတွေက တင်းကျပ်မှုတွေရှိသလား။ ဘာတွေ သူတို့ အသင့်ပြင်ထားကြပြီထင်လဲ။ အင်တာနက်စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ဖြေလျော့ပေးမှုတွေ ရှိသလား။ အထူးသဖြင့် တယ်လီကွန်းလုပ်ငန်းလိုမျိုးပေါ့။
ဖြေ - ဖြေလျော့မှုတွေမှာလည်း တယ်လီကွန်းကဏ္ဍမှာတော့ ၁၀၀ ရာခိုင်နှုန်းဖြေလျော့ထားတယ်။ သတင်းတွေကို ဖြေလျော့ထားသလိုမျိုးပဲ။ မည်သူမဆို သတင်းဌာနထောင်ဖို့ အတွက် အခွင့်ရှိတယ်။ မုန့် ဟင်းခါးဆိုင်ဖွင့်သလိုပဲ။ အဓိကတော့ ဒီလုပ်ငန်းမှာလုပ်နေသူတွေဘက်က ဘယ်လောက် ရေဖြည့်ထားလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အစိုးရအပိုင်းမှာဆိုရင် အရင်တုန်းကလို ဗဟိုအစိုးရကနေချုပ်ကိုင်ပြီးတော့ တစ်နိုင်ငံလုံးလုပ်လို့ ရတာမျိုး မရှိတော့ပါဘူး။ ရန်ကုန်မှာလုပ်မယ်ဆိုရင် တိုင်းဒေသကြီးရဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်လာပြီ။ ဥပမာ အင်တာနက်လိုင်းကြိုးဆွဲမယ်ဆိုပါစို့ ။ ကျွန်တော်တို့ က ISP လိုင်စင်တစ်ခုရှိရုံနဲ့ မလုံလောက်တော့ဘူး။ ကြိုးဆွဲခွင့်ပါမစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက် လိုလာပါတယ်။ အဲဒါကို မယူရင်တော့ ဘယ်လိုမှ လိုင်းဆွဲခွင့်ရမှာမဟုတ်ဘူး။ တိုင်းဒေသကြီးအစိုးရတွေနဲ့ ဗဟိုအစိုးရတွေအနေနဲ့ ဒီဂျစ်တယ် ဖွံ့ ဖြိုးတိုးတက်ချင်တာလား။ ဒါဆိုရင် ပေါ်လစီ ရှိရမယ်။ ဒီဂျစ်တယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိနေဖို့ လိုအပ်တယ်။ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ရမယ်။ ပညာရှင်တွေနဲ့ ဆွေးနွေးရမယ်။ မင်းကိုတော့ ပေးမယ်။ မင်းကိုတော့ မပေးဘူးဆိုတဲ့ နီးရာလူပေးတဲ့ခေတ်ကလည်း ကုန်သွားပြီ။ အားလုံးကို တန်းတူပေးရမယ်။ ပြည်တွင်းက လုပ်ငန်းကိုင်ငန်းတွေကို အမြဲတမ်းကူညီပေးဖို့ စဉ်းစားနေရမယ်။ အသင့်ဖြစ်နေရမယ်။ ဈေးကွက်ကြီးဖွံ့ ဖြိုးဖို့ အတွက် စဉ်းစားတယ်ဆိုတာမှာလည်း ထိုင်နေလို့ မရဘူး။ ဈေးကွက်ထဲကို ဆင်းရမယ်။ အခုက နေပြည်တော်မှာပဲ ထိုင်နေတာမျိုး၊ ရုံးရှိတာမျိုးဖြစ်နေတယ်။ ရန်ကုန်လိုနေရာမျိုးမှာ မရှိဘူး။ အဲဒီတော့ ဒီကဏ္ဍက နောက်ငါးနှစ်မှာ တိုးတက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ တိုးတက်နေမလား ဆုတ်ယုတ်သွားသလားဆိုတဲ့ အခြေအနေပေါ့။
 

မင်းဆွေလှိုင်

မေး - ဒီနောက်ပိုင်း မြန်မာတွေအများဆုံးသုံးတဲ့ ဖေ့ဘွတ်မှာ တင်းကျပ်မှုတွေ အများကြီးရှိလာတယ်။ ဖေ့ဘွတ်သုံးခြင်းရဲ့ ကောင်းခြင်းဆိုးခြင်း၊ အင်တာနက်သုံးခြင်းရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို မြန်မာတွေ နားလည်သိရှိနေကြပြီ ထင်သလား။
ဖြေ -  အခုကတော့ ဖေ့ဘွတ်အသုံးများတဲ့အတွက် ဖေ့ဘွတ်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို သိလာကြပါပြီ။ တကယ်တော့ အင်တာနက်ဆိုတာက ဖေ့ဘွတ်မဟုတ်ပါဘူး။ အင်တာနက်ဆိုတာ အင်မတန်ကျယ်ပြန့် ပါတယ်။ အင်တာနက်မှာ ဘာတွေရှိလဲဆိုတော့ ၀က်ဘ်ဆိုက်တွေရှိတယ်။ အသုံးတည့်တဲ့ ၀က်ဘ်ဆိုက်တွေကို သိဖို့ လိုတယ်။ Youtube မှာဆိုရင် နာရီပေါင်းသန်းနဲ့ ချီရှိတဲ့ ကလေးကနေ လူကြီးအထိ သိသင့်သိထိုက်တဲ့ဟာတွေ အများကြီးရှိတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ၊ သင်္ချာလေ့လာမယ်ဆိုရင်လည်း ရတယ်။ Free Learning Platform ကြီးဖြစ်နေတယ်။ Khan Acedemy ဆိုရင် ကျောင်းသွားတက်စရာမလိုဘဲ IGCSE တောင် ၀င်ဖြေလို့ ရတယ်။ ဒါက နိုင်ငံတကာမှာတောင် Trend ဖြစ်နေပြီ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဒါတွေကို မသိသေးဘူး။ ရုံးမှာတောင် အမြဲပြောတယ်။ တစ်ခုခုဆိုရင် မသိတော့ဘူးပေါ့။ မသိတာတွေကို Google မှာ Search လုပ်ကြည့်သင့်တယ်။ ဒီအတွက် ကျောင်းသွားတက်နေဖို့ တော့ မလိုဘူးပေါ့။ တောင်သူလယ်သမားတွေအတွက်ဆိုရင်လည်း Youtube မှာ ရှာကြည့်ရင် အများကြီးရှိတယ်။ အစ္စရေးမှာ ဘယ်လိုစိုက်လဲ။ ထိုင်းမှာဘယ်လိုစိုက်လဲ။ နယူးဇီလန်မှာ ဘယ်လိုစိုက်မလဲဆိုတာတွေကို ဗဟုသုတရနိုင်ပါတယ်။ 

မေး - မြန်မာတွေအပေါ် ဖေ့ဘွတ်ရဲ့ မူဝါဒတွေက မရိုးသားဘူးလို့ အများစုက သံသယရှိလာပါတယ်။ ဒီအနေအထားမှာ မြန်မာတွေပိုင်တဲ့ ဆိုရှယ်ပလက်ဖောင်းတစ်ခုခု လုပ်သင့်သလား။ 
ဖြေ - ကျွန်တော်တို့ က အဲဒီအတွက် Local App Platfrom တစ်ခုထောင်နိုင်မလားပေါ့။ ဒါကလည်း ကြက်ဥနဲ့ ကြက်မမေးခွန်းမျိုးပဲ။ ဆိုလိုချင်တာက ကျွန်တော်တို့ က ကားလိုတယ်ဆိုရင် ကားကို ဒီမှာထုတ်မလား၊ ပြည်ပကနေ သွင်းမှာလား။ ဖေ့ဘွတ်ကိုပဲ ဆက်သုံးခွင့်ပြုမလား။ တရုတ်ပြည်လိုမျိုး ဖေ့ဘွတ်ကို ပိတ်ပြီးတော့ သူတို့ ပလက်ဖေါင်း(Wechat) သုံးမလားပေါ့။ ဒီလို စဉ်းစားလို့ ရတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ လို တိုင်းပြည်မှာတော့ ဒီလိုမျိုး ပလက်ဖေါင်းလုပ်ဖို့ ဆိုတာမှာ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ ခုနက ပြောတဲ့ Right Sharing App ဖြစ်တဲ့ Grab လိုမျိုးတွေမှာပဲ ကြည့်ပေါ့။ ဦးနာအောက်နဲ့ ဧရာဝတီမြစ်တွင်းသွား သင်္ဘောလုပ်ငန်းပြိုင်ပွဲလိုပဲ။ အခုအချိန်မှာလည်း ဖေ့ဘွတ်ကို ယှဉ်ပြိုင်ပြီးတော့ Local App ထုတ်ဖို့ ကတော့ တော်တော်ခက်ခဲဦးမှာပါ။ ဒီတော့ဖေ့ဘွတ်ကိုပဲ ဆက်ပြီး သုံးရဦးမယ့်အနေအထားရှိတယ်။ ဒီလိုအနေအထားမှာ အစိုးရအနေနဲ့ က ဖေ့ဘွတ်ကို မြန်မာပြည်မှာ ရုံးလာဖွင့်ခိုင်းရမယ်။ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ကြော်ငြာတွေနဲ့ ရုံးလုပ်ငန်းတွေကို ဒီမှာပဲ ရုံးဖွင့်ပြီး လာလုပ်ခိုင်းရမယ်။ အရင်ကတော့ အမေရိကန် Sanction ကြောင့် အမေရိကန်ကုမ္ပဏီတွေက မြန်မာပြည်မှာ ရုံးလာမဖွင့်နိုင်ဘူး။ အခုအချိန်မှာတော့ Sanction တွေလည်း မရှိတော့ဘူးဆိုတော့ သံရုံးတွေကနေတစ်ဆင့် ပြောသင့်တယ်။ ဒီလောက် လူတွေတော်တော်များများ သုံးလာနေပြီး ၁၀ သန်းကို တော်တော်ကျော်နေပြီ။ သန်း ၂၀ လောက်ရှိမယ်ဆိုရင် ဖေ့ဘွတ်အနေနဲ့ ဒီမှာ ရုံးလာဖွင့်သင့်နေပြီ။ ကြော်ငြာကိစ္စတွေကိုလည်း ဒီရုံးကနေပဲ လုပ်ရမယ်။ ဆင်ဆာပိတ်တဲ့ကိစ္စမျိုးတွေကိုလည်း ဒီမှာပဲ ညှိနှိုင်းဖြတ်တောက်ပြီး ဖေ့ဘွတ်နဲ့ ဒါ့ထက်ပိုပြီး ပူးပေါင်းလုပ်ဆောင်ရင်း သွားရမယ်လို့ ပဲ ယူဆတယ်။ အစိုးရအနေနဲ့ လည်း ဖေ့ဘွတ်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ပါလို့ ပဲ ပြောချင်တယ်။ 

မေး - ဆိုရှယ်မီဒီယာနဲ့ အင်တာနက်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေကို အစိုးရဘက်က တာဝန်ယူတာဝန်ခံ စိစစ်ပေးမှုတွေ၊ ညွှန်ကြားချက်ပေး ခိုင်းစေမှုတွေလုပ်ဆောင်ဖို့ အသင့်ဖြစ်ပြီလား။ အထူးသဖြင့် ဖေ့ဘွတ်ရဲ့ လုပ်ရပ်တွေက သိပ်ပြီး မရိုးရှင်းခဲ့ဘူးလေ။
ဖြေ - ဒါက မြန်မာပြည်တစ်ခုတည်း ကြုံရတာမဟုတ်ဘူး။ ထိုင်းမှာဆိုရင်လည်း မြန်မာမတိုင်ခင်ကတည်းက ဖေ့ဘွတ်အရင် Google မှာ ထိုင်းဘုရင်ကြီးရဲ့ အကြောင်းကို ပြောပြီဆိုရင် ညစ်ညမ်းဗီဒီယိုပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့သတင်းပဲ ဖြစ်ဖြစ် အစိုးရအဖွဲ့ က တိုက်ရိုက်စာပို့ ပြီးတော့ ဖြတ်တောက်ပေးဖို့ ညွှန်ကြားချက်ပေးတယ်။ အဲဒီအတွက်ကိုလည်း Google ဖြစ်ဖြစ် ဖေ့ဘွတ်ဖြစ်ဖြစ် ၀န်ဆောင်မှုလုပ်ဖို့ တရားဝင် Register လုပ်ပြီးတော့ ၀န်ဆောင်မှုလုပ်ခွင့်ရစေတယ်။ မီဒီယာတွေကို တရားဝင် Register လုပ်ရသလိုမျိုး တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဝန်ဆောင်မှု ပေးခိုင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာကတော့ တရားဝင် Register မလုပ်ဘဲ ၀န်ဆောင်မှုတွေ ပေးလာတာပေါ့။ နောက်ပိုင်းမှာ Content Provider တွေက ၀င်လာတော့မယ်။ သူတို့ Contents တွေက ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သင့်တော်လား မသင့်တော်လားဆိုတာ ဘယ်သူမှ စစ်ဆေးပေးမယ့်အဖွဲ့ မရှိသလို ဘယ်သူမှလည်း ပြောမှာမဟုတ်ဘူး။ IFlix ဆိုရင် ကျွန်တော်တို့ ဆီမှာ ရှိနေပြီ။ သူတို့ ကို ကျွန်တော်တို့ က Block လုပ်ရမှာမဟုတ်ဘူး။ Welcome လုပ်ရမှာ။ Welcome လုပ်တာမှာလည်း တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့ နဲ့ ညှိနှိုင်းရမယ်။ သူတို့ ရဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ ဆီမှာ သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို အစိုးရက ကြားဖြတ်စေ့စပ်ဆွေးနွေးဖို့ လိုတယ်။ ခုနကပြောဖူးတဲ့ 18+ လိုမျိုး Porn တွေလိုမျိုးတွေကအစပေါ့။ ပေါ်လစီမရှိဘဲ ဒီအတိုင်းသွားနေရင်တော့ အင်တာနက်သုံးခွင့်ရနေသူတွေ၊ လူမဟုတ်တဲ့ သာသနာ့ဝန်ထမ်းတွေ၊ ဒါတွေက မရသင့်မယူသင့်တဲ့ ၀န်ဆောင်မှုတွေကို ရနေသလို ဖြစ်သွားမှာပေါ့။ ဒါတွေကိုတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ 

မေး - ဆိုရှယ်မီဒီယာတွေကို အစိုးရက ဘယ်လိုထိန်းချုပ်သင့်လဲ။ ထွက်ငွေမကုန်ဘဲ ၀င်ငွေလည်း ရစေဖို့ ရောပေါ့။ ပုဂ္ဂလိက ပြည်တွင်းမီဒီယာတွေကရော ဘာတွေလုပ်နိုင်မလဲ။ နောက်တစ်ချက်က အစိုးရအနေနဲ့ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ ဒီဂျစ်တယ်ကို အားပြုတဲ့ စီးပွားရေး၊ နိုင်ငံရေးစတဲ့ မူဝါဒတွေ အသင့်ပြင်ဆင်နေတာမျိုး မြင်တွေ့ ရပြီလား။ 
ဖြေ - ပလက်ဖေါင်းတည်ဆောက်သူတွေအနေနဲ့ ကမ္ဘာကျော်ဆိုရှယ်မီဒီယာတွေနဲ့ ကြော်ငြာလုပ်ငန်းဖြစ်စေ၊ တစ်ခုခုဖြစ်စေ တွဲလုပ်နိုင်ဖို့ အတွက် တရားဝင်တောင်းဆိုသင့်တဲ့အချက်က ဖေ့ဘွတ်လို၊ Youtube လိုဟာမျိုးတွေကို ဒီမှာရုံးလာဖွင့်ဖို့ တောင်းဆိုသင့်တယ်။ Youtube က အမေရိကန်အခြေစိုက်ဆိုရင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အသိပေးသင့်အကြောင်းကြားသင့်တယ်။ အစိုးရက အဲဒီလိုလုပ်ပေးရင်တော့ ဟိုဘက်က တစ်ခုခုတော့ တုန့် ပြန်လာလိမ့်မယ်။ အစိုးရရဲ့ ပေါ်လစီပိုင်းမှာတော့ မူဝါဒရှိထားပြီးသားဖြစ်တဲ့အတွက် လုပ်ရတာတော့ မခက်ဘူး။ ဒါပေမဲ့ တိုင်းဒေသတွေကတော့ ဘယ်လောက် ဗဟုသုတရှိသလဲဆိုတာ အဲဒီမှာ အရေးပါလာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ ရဲ့ ဒီဂျစ်တယ် ဖွံ့ ဖြိုးရေး Plan ကတော့ ဦးစားပေးထဲမှာ မပါသေးဘူးပေါ့။ လုပ်နေတာတွေတော့ ရှိတယ်။ E Government ဆိုပြီးတော့အဖွဲ့ ဖွဲ့ ထားတာ ရှိတယ်။ နောက်ပြီးတော့ ဒီဂျစ်တယ်စီးပွားရေးဆိုပြီးတော့ အဖွဲ့ တွေ ဖွဲ့ ပြီး လုပ်နေတယ်။ လုပ်နေတဲ့အဖွဲ့ တွေ များနေပေမယ့် လုပ်ငန်းသက်ရောက်မှုကို ပြန်လည်တိုင်းတာတဲ့အဖွဲ့ မရှိဘူး။ ဆိုလိုတာက ၂၀၂၀ မှာ ဘာတွေဖြစ်ရမယ်ဆိုတာမျိုး မျှော်မှန်းချက်ထားပြီး လုပ်တာမျိုး။ ထိုင်းမှာ လုပ်ခဲ့သလိုမျိုးတော့ မလုပ်နိုင်သေးဘူး။ 

အချိန်ယူပြီး ဖြေကြားပေးတဲ့ ကိုမင်းဆွေလှိုင်ကို ကျေးဇူးအထူးတင်ပါတယ်။

   - အေ၀ိုင်အီး

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။