Skip to main content
မုံရွာအောင်ရှင်
Ads Block

" ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ " 

အတိုက်အခံဘ၀ကနေ အစိုးရတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်နေတာ နှစ်နှစ်ကျော်လာပြီဖြစ်တဲ့ NLD ပါတီအနေနဲ့ လူထုရဲ့ အားမလို အားမရဖြစ်မှုတွေ၊ နိုင်ငံရေးအရ တိုက်ခိုက်ခံရမှုတွေ၊ နိုင်ငံတကာက ဖိအားတွေအပါအ၀င် အကျပ်အတည်းတွေကြားမှာ ရောက်ရှိနေပါတယ်။ ဒါပေမဲ့ လူထုကတော့ NLD က လွဲပြီးနောက်ထပ် ရွေးချယ်စရာမရှိသေးတဲ့အတွက် ပါတီက ပန်းပန်နေဆဲပဲဖြစ်ပါတယ်။ ဒီအနေအထားမှာ တည်ဆဲအစိုးရရဲ့ မိခင်အဖွဲ့ အစည်း ပါတီဖြစ်တဲ့ NLD ရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဆရာမုံရွာအောင်ရှင်ကို လက်ရှိအစိုးရနဲ့ ပါတီ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲအတားအဆီးတွေအကြောင်း တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီမေးမြန်းချက်ကိုလည်း ပြည်သူများထံ အသိပေးတင်ပြလိုက်ရပါတယ်။ 

မေး - မင်္ဂလာပါဆရာ မုံရွာအောင်ရှင်ခင်ဗျာ။ နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲအတွက် ဆရာတို့ NLD ပါတီက(၁၃) ဦးရွေးချယ်ခဲ့တာမှာ ဗဟိုက ၀င်မစွက်ဖက်ဘဲ ဒေသခံပြည်သူတွေ ကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ခွင့်ပေးလိုက်တယ်လို့ ကြားပါတယ်။ ဒါက ၂၀၂၀ မှာရော ဗဟိုဦးစီးတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားဒေသတွေလိုမျိုးမှာ ဒေသခံတွေကို ဦးစားပေမယ့် မူဝါဒမျိုးကို လမ်းစဖွင့်ပေးလိုက်တဲ့သဘောမျိုးလားခင်ဗျာ။
ဖြေ - အဲဒါက အများဆုံးဖြစ်နိုင်ပါတယ်။ ဒီတစ်ခါကတော့လေ။ ကျွန်တော်တို့ ရွေးကောက်ပွဲတွေပေါ့နော်။ ၂၀၁၂ ၊ ၂၀၁၅ ၊ ၂၀၁၇ အထိပေါ့ဗျာ။ ဒီရွေးကောက်ပွဲတွေမှာ ပါတီဗဟိုကနေပြီးတော့ဝင်ရောက်ပြီးတော့ တာဝန်ယူရတာတွေရှိတယ်။ ၀င်စွက်ဖက်တယ်တော့မဟုတ်ဘူးပေါ့ဗျာ။ အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကတော့ ပါတီဗဟိုရဲ့ တာဝန်ယူရွေးချယ်ပေးမှုမျိုး မတွေ့ ရဘူး။ ဒေသခံကနေပဲ ရွေးပါဆိုပြီးတော့ ပါတီဗဟိုကနေ ဒေသခံတွေရွေးချယ်ပေးတာကို အတည်ပြုပေးတာပဲရှိတယ်။ ပြောရရင်တော့ အဲဒီအတိုင်းပဲ ၂၀၂၀ မှာ ဆက်သွားရမှာပါပဲ။ အတော်အသင့်လည်း ပြောင်းချင်လည်း ပြောင်းလာနိုင်ပါတယ်။ မူအားဖြင့်တော့ လူငယ်ဖြစ်ရမယ်၊ ပါတီအပေါ်သစ္စာရှိရမယ်။ အမျိုးသမီးဖြစ်ရမယ်။ တိုင်းရင်းသားဖြစ်ရမယ်။ ပါတီနဲ့ တစ်လျှောက်လုံး အစဉ်တစိုက်လုပ်ကိုင်နိုင်သူဖြစ်ရမယ်။ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တစ်စုံတစ်ရာအတွေ့ အကြုံရှိရမယ်ဆိုတဲ့ မူတွေနဲ့ သွားခဲ့ဖူးတာကိုး။ ဒီတော့ ၂၀၂၀ မှာလည်း ဒီမူတွေပေါ်အခြေခံပြီး ဒီထက့်ပိုပြီးထူးခြားတဲ့ မူတစ်ချို့ လည်း ပါချင်ပါလာမှာပေါ့လေ။ ဒါတော့မှန်းလို့ မရသေးဘူးပေါ့။
မေး - ကြားဖြတ်တွေကတော့ ပါတီကြီးတစ်ခုရဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်မှုနဲ့ တိုက်ရိုက်အချိုးတော့ မကျဘူးပေါ့။ အဓိကကျတာကတော့ အထွေထွေရွေးကောက်ပွဲကြီးက အဖြေပေါ့။ ၂၀၂၀ အတွက် အချိန်ကလည်းတစ်နှစ်ခွဲလောက်ပဲ ကျန်တော့တာဆိုတော့ ဆရာတို့ ဘက်က ဘာတွေပြင်ဆင်နေပြီလဲခင်ဗျ။
ဖြေ - ပြီးခဲ့တဲ့ ဒုတိယအကြိမ်ပါတီညီလာခံမှာ ၂၀၂၀ အတွက်ပြင်ဆင်ဖို့ အစီအမံတစ်ချို့ လုပ်ကြစို့ ဆိုပြီး ပါတီရဲ့ နိုင်ငံရေးအစီအရင်ခံစာ၊ စည်းရုံးရေးအစီအရင်ခံစာထဲမှာ အရိပ်အမြွက်တော့ပါလာပြီ။ အခုဆိုရင် ကြားဖြတ်ပြီးရင်တော့ ၂၀၂၀ အတွက် ပြင်ဆင်ရတော့မယ်ပေါ့။ ၂၀၂၀ အတွက် ပြင်ဆင်တဲ့နေရာမှာ ပါတီရဲ့ အင်စတီကျုးရှင်းပေါ့လေ။ ဗဟိုလုပ်ငန်းအဖွဲ့ တွေကို ပြန်ပြီးတော့ သေချာအားကောင်းမောင်းသန်အောင်လုပ်ကြရပါတယ်။ ဥပမာအားဖြင့် လူငယ်တွေ ထပ်ဖြည့်တာမျိုး၊ အမျိုးသမီးအဖွဲ့ တွေ အားကောင်းမောင်းသန်ဖြစ်အောင် ထပ်ဖြည့်တာမျိုးတွေလုပ်ရမှာပါ။ ရွေးကောက်ပွဲအတွက် တော်တော်လေး လုပ်နိုင်ကိုင်နိုင်တဲ့စွမ်းရည်ရှိသူတွေနဲ့ ၂၀၂၀ အတွက် ပြင်ဆင်မှုတွေလုပ်ထားတယ်လို့ ပဲ ပြောရမှာပါ။
မေး - ပါတီဆိုတာက အစိုးရဖြစ်သွားမယ့်ပုဂ္ဂိုလ်တွေအတွက် မိခင်အဖွဲ့ အစည်းပေါ့။ ဒီတော့ မိခင်အဖွဲ့ အစည်းဖြစ်တဲ့ ပါတီအနေနဲ့ က အစိုးရကို စောင့်ကြည့်ထိန်းကျောင်းအကြံပြုတာမျိုးတွေလုပ်ရပါတယ်။ ဆရာတို့ အနေနဲ့ ကရော ဘယ်လိုအပိုင်းတွေနဲ့ လုပ်ဆောင်နေလဲခင်ဗျာ။
ဖြေ - ရှိပါတယ်။ ဒီနေရာမှာတော့ ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ် ကျွန်တော်တို့ သုံးပွင့်ဆိုင်ပေါ့။ ပါတီကတော့ ပါတီရဲ့ မူဝါဒသဘောထား ပေါ်လစီကို ချမှတ်ရပါတယ်။ ဒါ့အပြင် လွှတ်တော်ကလည်း ကော်မတီတွေ ဖွဲ့ စည်းရပါတယ်။ အစိုးရလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ တစ်နှစ်ခွဲကျော်လောက်ပဲ လိုတော့တဲ့အခါမှာ အထူးသဖြင့် ပါတီမှာဆိုရင် ဗဟိုစီးပွားရေးကော်မတီဆိုတာရှိတယ်။ ဒါက အစိုးရအတွက် စီးပွားရေးအထောက်အကူဖြစ်အောင်လုပ်ထားတာတွေရှိတယ်။ လွှတ်တော်အတွက်လည်း ရေးရာကော်မတီတွေက အစိုးရအတွက်အများကြီး အထောက်အကူဖြစ်အောင်လုပ်ထားတာရှိတယ်။ ငြိမ်းချမ်းရေးဆိုရင်လည်း အစိုးရအတွက်ကို ပါတီတွင်းမှာရှိတဲ့လူငယ်တွေက အထောက်အကူဖြစ်အောင် ဆွေးနွေးပွဲတွေကနေ လုပ်ဆောင်ပေးနေပါတယ်။ 
မေး - ဆရာတို့ ပါတီက အစိုးရတာဝန်ကို စတင်ယူလာတာ နှစ်နှစ်ခွဲနီးပါးရှိလာပြီပေါ့။ ဒီကာလတွေအတွင်းမှာ လူထုဆီကနေ ပါတီအပေါ်မှာ အားမလိုအားမရပြောဆိုထောက်ပြတာတွေ ရှိခဲ့ပါတယ်။ အဲဒီမှာ ဆရာတို့ ဘက်က အစိုးရအလုပ်တွေကိုလုပ်နည်းကိုင်နည်းလွဲချော်မှုတွေတိုင်းမှာ အစိုးရတာဝန်မယူရခင်ကတည်းက ကြိုတင်ပြင်ဆင်မှု မရှိခဲ့လို့ လား။ အတိုက်အခံဘ၀ကနေ ကိုယ်တိုင်အစိုးရဖြစ်လာတဲ့အချိန်မှာ အစိုးရအလုပ်ကို မလုပ်တတ်မကိုင်တတ်ဖြစ်နေသလား စသဖြင့် ထောက်ပြဝေဖန်မှုတွေ ရှိခဲ့တယ်ပေါ့။ ဆရာ့အနေနဲ့ ဒါကို ဘယ်လို ရှုမြင်ချင်လဲ။
ဖြေ - ဟုတ်ပါတယ်။ ဒါက အမှန်ပါပဲ။ ခုမေးတဲ့မေးခွန်းတွေဟာ ပါတီအတွက်ရော၊ အစိုးရအတွက်ရော၊ လွှတ်တော်အတွက်ရော အခက်အခဲတွေ၊ တကယ့်စိန်ခေါ်မှု အကျပ်အတည်းတွေကို တကယ်ကိုပဲ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အားမလိုအားမရဖြစ်တာတွေ၊ မျှော်လင့်ထားသလိုအပြည့်အ၀ အကောင်အထည်မဖော်နိုင်တာတွေပေါ့လေ။ လူထုရဲ့ ငြီးငြူသံတွေ၊ ထောက်ပြဝေဖန်တာတွေကို ကျွန်တော်တို့ အများကြီး ကြုံရပါတယ်။ ပါတီအနေနဲ့ ရော အစိုးရအနေနဲ့ ပေါ့လေ။ နှစ်ပေါင်းများစွာ အတိုက်အခံဘ၀နဲ့ နေလာတယ်။ အခုပြောသလိုပဲ။ ကျွန်တော်တို့ အစိုးရဖြစ်လာတဲ့အခါမှာ တစ်စုံတစ်ရာတော့ အဆင်သင့်မဖြစ်တာအမှန်ပဲ။ ဒါကတစ်အချက်။ နှစ်အချက်ကတော့ အုပ်ချုပ်မှုစွမ်းရည်အတွက် တကယ်တမ်းလိုအပ်တဲ့ စွမ်းရည်ပြည့်တဲ့ပုဂ္ဂိုလ်မျိုး ဒါတွေလည်း ရှာရတာအခက်အခဲရှိခဲ့တယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ခေါင်းဆောင်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ခေါင်းစဉ်နဲ့ အရင်တုန်းက ပညာရှင်တွေ၊ အုပ်ချုပ်မှုပိုင်းက တော်တဲ့သူတွေကို ပြန်ခေါ်ရတာရှိတယ်။ နောက်တစ်ပိုင်းက ကျွန်တော်တို့ မှာ အကျပ်အတည်းက ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ကန့် သတ်မှုတွေ ရှိတယ်။ အဲဒီအကန့် အသတ်တွေက တော်တော်ကိုကြီးမားပါတယ်။ ကျွန်တော်တို့ က လိမ္မာပါးနပ်စွာဖြတ်ကျော်ရတယ်။ တစ်ချို့ နေရာတွေက ဖြတ်ကျော်လို့ မရတဲ့အခါကျတော့ ဒီအတိုင်းလေးထားရတာရှိတယ်။ နောက်တစ်ခုက လယ်ယာမြေပြသနာ။ နေရာတော်တော်များများမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အကန့် အသတ်တွေက ကျွန်တော်တို့ ရဲ့ ရှေ့ သွားမယ့်လုပ်ငန်းစဉ်တွေအတွက် နှောင့်နှေးစေတာတွေ ရှိတယ်။ သို့ သော်လည်းပဲ ကျွန်တော်တို့ ကတော့ အားမလျော့ဘူး။ စုပေါင်းခေါင်းဆောင်မှု၊ ပြည်သူလူထုနဲ့ အတူ လုပ်နေပါတယ်။ ကျွန်တော်ထင်တာကတော့ ရွေးကောက်ပွဲမတိုင်မီမှာတော့ ပြည်သူလူထု အတော်အသင့်စိတ်ကျေနပ်လောက်နိုင်စရာရှိတဲ့အနေအထားရှိလာလိမ့်မယ်လို့ ပေါ့။
မေး - ပါတီအနေနဲ့ က အစိုးရတာဝန်ကိုထမ်းဆောင်ဖို့ အတွက် အသင့်ဖြစ်မနေခဲ့တဲ့အနေအထားမှာ အရင်အစိုးရအုပ်ချုပ်မှုပိုင်းထဲက အချို့ ကိစ္စတွေဟာ အတားအဆီးတွေအဖြစ် ရင်ဆိုင်နေရတဲ့သဘောမျိုးတွေ့ လာရတယ်။ ဆရာတို့ ရော မြေပြင်မှာ ဘာတွေဖြစ်နေလဲ။
ဖြေ - ဒါအမှန်ပါပဲ။ ကျွန်တော်တို့ လည်း မကြာခဏ ဥပမာပေးနေရတာရှိတယ်။ ပန်းကတော့ အသစ်ပါပဲ။ လတ်လတ်ဆတ်ဆတ်လှလှပပပဲ။ ဒါပေမဲ့ ပန်းအိုးအဟောင်းထဲမှာ ထည့်နေရတာတွေ ရှိတယ်။ ကျွန်တော်တို့ အကန့် အသတ်တွေကတော့ အထူးသဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပါပဲ။ အုပ်ချုပ်မှုပိုင်းမှာတော့ အရင်အုပ်ချုပ်မှုပိုင်းက ပုဂ္ဂိုလ်ဟောင်းတွေရဲ့ ကျွန်တော်တို့ လုပ်ငန်းတွေအပေါ်မှာ စိတ်ပါဝင်စားမှုအားနည်းတာမျိုး၊ သူတို့ ရဲ့ အကျိုးစီးပွားတွေကိုကြည့်ပြီး ကျွန်တော်တို့ အလုပ်တွေကို မတွင်ကျယ်အောင်လုပ်တာတွေလည်း ကျွန်တော်တို့ ကြုံရတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အထဲကနေ အစိုးရတာဝန်တွေကို ထမ်းဆောင်ဖို့ ပေးလိုက်တဲ့ ၀န်ကြီးတွေ၊ ၀န်ကြီးချုပ်တွေ တော်တော်များများက ကြိုးတော့ ကြိုးစားကြတယ်။ သို့ သော်လည်း အတွေ့ အကြုံအရရော နောက်တစ်ခုက သူတို့ ကိုယ်တိုင်က အရင်လူဟောင်းတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေကို မထိန်းချုပ်နိုင်သေးဘူး။ ကိုယ်တိုင်က စည်းရုံးမှုမလုပ်နိုင်တော့ အရင်လူတွေရဲ့ ကြိုးကိုင်မှုတွေကို တစ်စုံတစ်ရာဖြစ်သွားတာရှိတယ်။ ဒါကြောင့်လောလောဆယ်မှာ ဒီပြသနာတွေ ဖြစ်လာတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ 
မေး - လက်ရှိအစိုးရလက်ထက်မှာ အဓိကအားဖြင့်လူတွေပြောလာတာ အချက်နှစ်ချက်ကို သွားတွေ့ ပါတယ်။ တစ်အချက်က စီးပွားရေးကျဆင်းတယ်၊ အလုပ်အကိုင်မကောင်းဘူး။ နောက်တစ်ချက်က ရခိုင်ပြသနာပေါ့။ ဆိုတော့ ဒီနှစ်ခုလုံးရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ သာမန်ပြည်သူတွေ မမြင်မသိနိုင်သေးတဲ့ အကြောင်းတရားအနှောင့်အယှက်တွေနဲ့ ပါတီက ရင်ဆိုင်နေရသလားခင်ဗျ။
ဖြေ - ရှိပါတယ်။ အဲဒါကတော့ သေချာပါတယ်။ အထူးသဖြင့်တော့ အစိုးရပေါ့လေ။ အစိုးရမှာ ကြုံတွေ့ နေရတာတွေ ရှိတယ်။ ဥပမာ ကျွန်တော်တို့ လုပ်ဖို့ အတွက် စီစဉ်ထားတဲ့အတိုင်းအတာအထိရောက်အောင် ပြည့်မြောက်တဲ့အနေအထားမျိုး မရခဲ့တာတွေရှိတယ်။ အဲဒါကတော့ အရင်လူဟောင်းတွေရဲ့ ကြိုးနီစနစ်တွေရှိတယ်။ ဗျုရိုကရေစီစနစ်တွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဘက်က တာဝန်ရှိသူတွေက ပူးပေါင်းစည်းရုံးမှု မလုပ်နိုင်ခဲ့ကြဘူး။ အဲဒီအားနည်းချက်တွေကြောင့်ပဲ ခရီးမတွင်ဘူးပေါ့။ ဒါတွေက လက်တွေ့ ကြုံနေရတာပဲ။ ရခိုင်ပြည်နယ်အရေးမှာလည်း ဒီသဘောပါပဲ။ ရခိုင်အရေးမှာဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်က တကယ်ကိုပဲလုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရတယ်။ တိုက်ခိုက်ခံနေရတဲ့အပေါ်မှာ ကျွန်တော်တို့ ခေါင်းဆောင်လည်း တော်တော့်ကို အမှန်တရားအတွက်လုပ်နိုင်ကိုင်နိုင်တဲ့အနေအထားတွေ ရှိခဲ့တယ်။ သို့ သော်လည်း အတားအဆီးတွေရှိတယ်။ အတားအဆီးမှာ ကိုယ့်ဘက်က ရှိသလို၊ တစ်ခြားဘက်ကနေပြီးတော့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအပေါ်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေးတိုးတက်မှုအပေါ်မှာ အများကြီးအတားအဆီးတွေ ရှိခဲ့ကြတယ်။ ပါတီကတော့ ဒီကိစ္စတွေမှာ အခန်းကဏ္ဍနည်းပါတယ်။ အစိုးရအခန်းကဏ္ဍက များပါတယ်။ ပါတီက တစ်စုံတစ်ရာပံ့ပိုးပေးတာလောက်ပဲရှိတယ်။
မေး - ပါတီကတော့ တည်ဆဲအစိုးရရဲ့ မိခင်အဖွဲ့ အစည်းဆိုတော့ အစိုးရရဲ့ လက်ရှိဖြစ်ပျက်ပြောင်းလဲမှုတွေကို နောက်ကနေ Review လုပ်ရတာမျိုး၊ အကြံဥာဏ်ပေးရတာမျိုးတော့ လုပ်ကိုလုပ်ပေးရမှာပါ။ ဒီတော့ စီးပွားရေးကျဆင်းတယ်ဆိုတာမျိုးမှာ ဆရာတို့ က Review လုပ်ပြီး ချဉ်းကပ်သုံးသပ်တာမှာ ဘယ်လိုအချက်မျိုးတွေ သွားတွေ့ သလဲခင်ဗျ။
ဖြေ - အဲဒီဟာကတော့ အထူးသဖြင့် စီးပွားရေးကျဆင်းတာကတော့ စီးပွားရေးစီမံခန့် ခွဲမှု အဲဒီဟာအားနည်းတာပဲဗျ။ စီးပွားရေးစီမံခန့် ခွဲမှု အားနည်းတာကတော့ သေချာတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာတွေကအစ ရေးဆွဲအတည်ပြုပြီးပြီဆိုသည့်တိုင်အောင် ရင်းနှီးမြှုပ်နှံသူတွေ လိုလိုလားလားဝင်လာအောင် မဆွဲဆောင်နိုင်ခဲ့ဘူး။ နောက်တစ်ချက်က ရခိုင်ပြသနာကြောင့် စီးပွားရေးတွေ ထင်သလောက် လာပြီးမြှုပ်နှံတာမျိုး မရှိဘဲ နှေးကွေးနေတာရှိတယ်။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကပဲ လာတာရှိတယ်။ တကယ်တမ်းဖြစ်ရမှာကတော့ နိုင်ငံတကာက လာပြီးမြှုပ်နှံလာအောင်လုပ်ရမှာပေါ့။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာနတွေမှာလည်း အကန့် အသတ်တွေ ခံနေရတာရှိတယ်။ ညွှန်မှူး၊ ညွှန်ချုပ်တွေနဲ့ အဆင့်ဆင့်သောကြားထဲမှာ ကြိုးနီစနစ်တွေကလည်း ရှိနေတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့အချက်တွေအများကြီးရှိတယ်။ ပြီးတော့ အစိုးရချင်းလုပ်နိုင်တာထက် နယ်စပ်တွေမှာပဲ လုပ်နေကြရတဲ့အလုပ်တွေရှိတယ်။ တိုင်းပြည်အတွက်က ရသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာလည်း မရလိုက်ဘူး။ ပြည်တွင်းမှာရှိတဲ့ ကုန်သွယ်မှုလုပ်ငန်းတွေမှာလည်း အလားတူပါပဲ။ စီမံခန့် ခွဲမှုနဲ့ လုံလောက်တဲ့ဥပဒေပိုင်းတွေ အားနည်းနေတယ်လို့ ပဲ ထင်ပါတယ်။
မေး - ဆရာတို့ ပါတီအနေနဲ့ က ပြည်ထောင်စုအဆင့်တွေကို ခဏထားပေါ့နော်။ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေရတဲ့ ၀န်ကြီးချုပ်တွေကို သေချာသုံးသပ်စောင့်ကြည့်ထိန်းကျောင်းတာမျိုးတွေ လုပ်တာမျိုးရှိသလား။ ပြည်သူနဲ့ အဆင်မပြေဖြစ်ရတာတွေအပါအ၀င် လိုအပ်တဲ့ Review လုပ်သင့်တာတွေကိုရော လုပ်သလားခင်ဗျာ။
ဖြေ - အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်နယ်နဲ့ တိုင်း ၀န်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ ဝင်တွေနဲ့ ပတ်သက်ရင် ပါတီမှာ လုံးဝတာဝန်ရှိတယ်။ ပါတီရဲ့ ဦးဆောင်လှုပ်ရှားမှုနဲ့ ပဲ လုပ်ရတာကိုး။ လုပ်တဲ့အခါမှာလည်း မပြေလည်မှုတွေ အများကြီးရှိတယ်။ အထူးသဖြင့် ပြည်မအစိုးရအဖွဲ့ တွေထက် ပြည်နယ်အစိုးရအဖွဲ့ တွေမှာ ပိုပြီးတော့သိသာတယ်။ ကချင်၊ ကယား၊ ရှမ်း၊ မွန်၊ ကရင်တို့ လို ပြည်နယ်အစိုးရတွေဆိုရင် ပိုပြီးသိသာတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရှိတဲ့ဒေသတွေမှာဆိုရင်ပိုပြီး လုပ်ရကိုင်ရခက်တယ်။ သူတို့ ရဲ့ ပြည်နယ်တွေမှာ ထင်သလောက်စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်မရှိကြဘူး။ မရှိကြတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့ မရှိကြတာလဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာကိုး။ ငြိမ်းချမ်းရေးက မရသေးဘူး။ ငြိမ်းချမ်းရေးကလည်း နေရာတကာမှာ လုံခြုံရေးကိုပဲ အဓိကထားပြီးစဉ်းစားကြတာကိုး။ ပါတီအနေနဲ့ ကတော့ ပြန်လည်သုံးသပ်တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် (၆)လတစ်ကြိမ် ဗဟိုကော်မတီအစည်းအဝေးရှိတယ်။ ဒီအစည်းအဝေးမှာပဲ ပြန်ပြီးတော့သုံးသပ်တာတွေ အမြဲတမ်းလုပ်ကြပါတယ်။
မေး - ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေဟာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ရသူတွေဖြစ်နေတော့ သူတို့ နဲ့ အဆင်မပြေဖြစ်ရင် ပါတီရဲ့ ပုံရိပ်ကိုလည်း အများကြီးထိခိုက်ပါတယ်။ အထူးသဖြင့် ဥပမာပေးရရင် ရန်ကုန်လိုနေရာမျိုးဆိုရင် ပြည်သူတွေနဲ့ အဆင်မပြေဖြစ်တာတွေ၊ ပြည်သူတွေက ဝေဖန်ထောက်ပြနေကြတာတွေ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေက ထောက်ပြတာတွေ တော်တော်လေးများခဲ့ပါတယ်။ ဒါတွေဟာ ၂၀၂၀ လိုမျိုး ရွေးကောက်ပွဲကြီးကျရင် ပါတီရဲ့ အရှိန်အ၀ါကို ကျဆင်းသွားစေနိုင်တဲ့အချက်တွေဖြစ်လာနိုင်ပါတယ်။ ဆရာတို့ အနေနဲ့ က ဒီအချက်ကို သတိထားမိသလားခင်ဗျာ။
ဖြေ - သတိထားမိပါတယ်။ စောစောက ဥပမာပေးတဲ့အတိုင်းပေါ့လေ။ ကျွန်တော်တို့ လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိစ္စလိုမျိုး အခြားသောပြည်နယ်တွေကိုပါ သတင်းစာတွေမှာ ဖတ်နေရတာပါပဲ။ ကျွန်တော်တို့ တွေ့ နေရတာပါပဲ။ တစ်ခုရှိတာက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာရှိတယ်။ အဂတိလိုက်စားမှုလိုကိစ္စပေါ့လေ။ သူလုံးဝ မကြိုက်ဘူးပေါ့။ အဲဒီမှာ လက်ရှိတာဝန်ယူထားတဲ့ ၀န်ကြီးချုပ်တွေက ဒီလိုကိစ္စမျိုး တော်တော်လေးနည်းတဲ့အတွက် ဒါကိုတော့ ကျွန်တော် ခရက်ဒစ်ပေးချင်တယ်။ သို့ သော်လည်း စီးပွားရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေတော့ ရှိတယ်ပေါ့။ ရန်ကုန်ကိစ္စလိုမျိုးပေါ့။ ရန်ကုန်ကျတော့ တစ်နိုင်ငံလုံးရဲ့ အသည်းနှလုံးလိုဖြစ်နေတော့ များများလည်းသိတယ်။ မြန်မြန်လည်းသိတယ်။ ထောက်ပြဝေဖန်တတ်သူတွေလည်းရှိတယ်။ တစ်ခြားတိုင်းနဲ့ ပြည်နယ်ကျတော့ နည်းတယ်လေ။ နည်းတဲ့အခါကျတော့ မသိသာဘူးပေါ့။ ဒီနေရာမှာ မီဒီယာတွေအကြောင်းပြောချင်တယ်။ မီဒီယာတွေ အားကောင်းတဲ့နေရာမှာတော့ အစိုးရကိုတော်တော်လေးထောက်ပြနိုင်တယ်။ ရန်ကုန်လိုနေရာမျိုးကျတော့ မီဒီယာအားကောင်းတော့ ထောက်ပြနိုင်တယ်။ ကျန်တဲ့ဒေသတွေမှာတော့ မီဒီယာတွေအားနည်းတယ်။ ကျွန်တော်ကတော့ မီဒီယာတွေအားကောင်းဖို့ လည်း ဆုတောင်းတယ်။ ဒါမှအစိုးရကို များများထောက်ပြနိုင်မှာကိုး။ ဒီလိုထောက်ပြတာတွေ ပြည်သူလူထုရဲ့ မကျေနပ်မှုတွေ များလာရင်တော့ ရွေးကောက်ပွဲကြီးမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲကြီးမှာ စိတ်မကောင်းစရာရလဒ်တွေ ဖြစ်လာနိုင်တယ်။ ဒါကိုတော့ ပါတီကနေပဲ ထိန်းကြရမှာပါပဲ။ 
မေး - ပြည်သူတွေက ဆရာတို့ ပါတီကို ငါးနှစ်တာအတွက် ယုံကြည်မှုပေးထားတယ်ပေါ့နော်။ နောက်ထပ်ငါးနှစ်အတွက်လည်း ဆရာတို့ ကိုပဲ ထပ်ပြီး ယုံကြည်ပေးဖို့ လည်း များနေပါသေးတယ်။ ဒါပေမဲ့ လူထုရဲ့ သည်းခံနိုင်မှုဆိုတာဟာ အတိုင်းအတာတစ်ခုအထိပဲ ရှိတယ်ဆိုတော့ ဆရာတို့ အနေနဲ့ ဘယ်လိုတွက်ဆထားလဲ။
ဖြေ - အဲဒါကတော့ သတိထားရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောဖူးတယ်ဗျ။ ကျွန်မတို့ ကို အမြဲတမ်းထောက်ခံမယ်လို့ မထင်မှတ်နဲ့ လို့ သတိပေးတာတွေရှိတယ်။ ဘာကြောင့် အမြဲတမ်းထောက်ခံမယ်လို့ မထင်နဲ့ လို့ သတိပေးနေတာက လူထုရဲ့ သည်းခံနိုင်မှုအတိုင်းအတာကို သိလို့ သူ သတိပေးတာလို့ ပဲ မှတ်တယ်။ ဒါကလည်း ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်ဟာတွေပါပဲ။ သို့ သော်လည်း ကျွန်တော် လေ့လာကြည့်တယ်ပေါ့။ နိုင်ငံရေးပါတီတွေ အများကြီးက ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ်ပေါ့။ တကယ်ပြိုင်ရမှာက ကျွန်တော်တို့ နဲ့ ပြည်ခိုင်ဖြိုးပါတီပဲ ရှိတယ်။ ပြည်နယ်တွေမှာကတော့ တိုင်းရင်းသားပါတီတွေ ရှိမယ်ပေါ့လေ။ ပြောချင်တာကတော့ ရွေးကောက်ပွဲနီးလာတဲ့အခါမှာတော့ ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးပြင်ဆင်မှုတွေကတော့ တစ်ခြားပါတီတွေထက်တော့ သာနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ချက်ကတော့ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်လို အားကောင်းတဲ့ခေါင်းဆောင်တွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲမှာ ဆက်ပြီးတော့အနိုင်ရမယ်လို့ ပဲ ယုံကြည်ထားတယ်။ နောက်တစ်ချက်က ပြည်သူလူထုရဲ့ စဉ်းစားပုံစဉ်းစားနည်းပေါ့။ ဘာလဲဆိုတော့ ပါတီကို မကြိုက်တော့ မကြိုက်ဘူး။ အားမရတာတော့ အားမရဘူး။ ဒါပေမဲ့ မကြိုက်လို့ တစ်ခြားပါတီတစ်ခုကို ရွေးချယ်စရာအဖြစ်ရှာမယ်ဆိုရင်လည်း အာဏာရှင်ဘက်ကို လိုက်မယ့်ပါတီတစ်ချို့ ရှိတယ်။ အရင်တုန်းက အုပ်ချုပ်ရေးစနစ်ဟောင်းတစ်ခုကို သွားချင်တဲ့ပါတီမျိုးတွေရှိတယ်။ အဲဒါမျိုးတွေတော့ ပြည်သူလူထုက အဖြစ်ခံမယ်မထင်ဘူး။ အဲဒါတစ်ခုပဲ ၊ လူထုရဲ့ စဉ်းစားမှုအပေါ်မှာ တွေးမိတယ်။ NLD ကို ကြိုက်တာမကြိုက်တာထက် အာဏာရှင်စနစ်ကို မကြိုက်တာက ပိုများတယ်လို့ ကျွန်တော်ထင်တယ်။ 
မေး - ဆရာပြောသွားတဲ့အချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ပါလာတယ်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အလွန်ပေါ့။ ပါတီကို ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ ဘယ်သူက ဦးဆောင်မလဲ။ ဘယ်လိုဦးဆောင်မလဲဆိုတာပေါ့။ ဒါကတော့ ကြီးမားတဲ့ အဖြေတစ်ခုဖြစ်နေတယ်။
ဖြေ - ဟုတ်တယ်။ အဲဒါကတော့ အလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အလွန်လည်းအဓိကကျတဲ့ အဖြေပါပဲ။ ကျွန်တော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားမယ်လို့ ဖြေခဲ့ဖူးတယ်။ အဲဒါကလည်း စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနိုင်လောက်တဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ရှိမှ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနိုင်မှာ။ ဒါက စဉ်းစားကြရတာပေါ့။ စဉ်းစားကြတဲ့နေရာမှာလည်း လူငယ်တွေ သွေးသစ်တွေနဲ့ ဒီအတောအတွင်းမှာ မွေးယူပြီးတော့ အတွေ့ အကြုံတွေရယူရင်းနဲ့ ပဲသွားရင် ဒေါ်အောင်ဆန်းစုကြည်အလွန်မှာတော့ သိပ်ပြီး ပစ်စလက်ခတ်ဖြစ်မယ်လို့ တော့ ကျွန်တော်မထင်ပါဘူး။
မေး - ဆရာတို့ ပါတီရဲ့ ဆောင်ပုဒ်က ပြောင်းလဲချိန်တန်ပြီပေါ့နော်။ အဲဒီမှာ လူထုကို ပြောင်းလဲကြဖို့ တိုက်တွန်းတာမျိုးတွေ့ ရတယ်။ တစ်ဖက်မှာတော့ ဆရာတို့ ပါတီတွင်းမှာရော ပြောင်းလဲချိန်တန်ပြီလား၊ တကယ်ပဲ ပါတီတွင်းပြောင်းလဲမှုရော လုပ်သလားဆိုတာမျိုးမေးခွန်းထုတ်တာမျိုးရှိလာတယ်။ ဥပမာအားဖြင့် ပါတီထဲမှာ သက်ကြီးပိုင်းတွေပဲ ဦးဆောင်နေရာယူထားပြီး လူငယ်တွေကို နေရာပေးပြောင်းလဲတာမျိုး မလုပ်ဘူးဆိုတဲ့အချက်မျိုးပေါ့။
ဖြေ - အဲဒါမှာလည်း ဒီလိုဗျ။ ပါတီမှာက သက်ကြီးပိုင်းတွေများနေတယ်။ လူငယ်တွေနည်းနေတယ်ဆိုတာကို မူအရ ကျွန်တော်လက်ခံပါတယ်။ သို့ သော်လည်း လက်တွေ့ လုပ်ရတာမှာတော့ တော်တော်ခက်တယ်။ တရုတ်ပြည်မှာဆိုရင် အခုမှသာ အသက် ၆၀ ပတ်ဝန်းကျင်လူလတ်ပိုင်းခေါင်းဆောင်တွေ ပေါ်လာတာ။ ဟိုးတုန်းကဆိုရင် သိတဲ့အတိုင်းပဲ။ တကယ့်လူကြီးတွေ အဖိုးကြီးတွေချည်းပဲ။ မော်စီတုန်းကစပြီး တိန်ရှောင်ပင် အများကြီးပဲ လူကြီးအဖိုးကြီးတွေချည်းပဲ။ သူတို့ နဲ့ ပဲ တိုင်းပြည်ကို ထိန်းကျောင်းပြီးသွားကြရတာ။ အခုနောက်ပိုင်း ရှီကျင်းပင်တို့ လက်ထက်မှသာ လူလတ်ပိုင်းတွေများလာခဲ့တာ။ ဘာကိုသွားပြီး သတိထားမိလဲဆိုတော့ တစ်ချို့ နိုင်ငံတွေမှာ ဥပမာ ကျွန်တော်တို့ လိုနိုင်ငံတွေမှာပေါ့။ အာဏာရှင်စနစ်သက်ဆိုးရှည်ခဲ့တဲ့နိုင်ငံတွေမှာ အဲဒီလိုအသက်ကြီးတဲ့လူတွေကပဲ ထိန်းကျောင်းပြီးတော့ ဦးဆောင်သွားရတာပါပဲ။ နောက်မှသာ တဖြည်းဖြည်းနဲ့ လူငယ်လူလတ်ပိုင်းကို အစားထိုးကြရတာ။ ဒီကနေ့ ကာလမှာတော့ ပါတီအတွက် လူငယ်တွေကိုအစားထိုးဖို့ အဆင်သင့်ဖြစ်ပုံမရသေးဘူး။ ဒါကြောင့် မှီပြီး တွဲခေါ်တဲ့အဆင့်လို့ ပဲ ကျွန်တော်တော့ ထင်ပါတယ်။ 
မေး - ပြည်သူတွေမှာက လောက်လောက်လားလား အားကိုးစရာဆိုလို့ NLD ပဲ ရှိပါတယ်။ ခက်တာက NLD ဟာလည်း လက်ရှိမှာ လူထုရဲ့ ဝေဖန်မှုတွေ အားမလိုအားမရဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီအနေအထားက အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်ပေမယ့် နောက်လည်း ဒီလိုပဲဆက်ဖြစ်နေဦးမယ်ဆိုရင် လူထုအနေနဲ့ စိတ်ပူစရာရွေးချယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆရာတို့ ရော ဒါကို စိတ်ပူတာတွေ၊ စိုးရိမ်မိတာတွေရှိသလား။ 
ဖြေ - ကျွန်တော်တို့ လည်း စိတ်ပူတာပါပဲ။ သို့ သော်လည်းပဲ ကျွန်တော်တို့ ကတော့ စိတ်ပူတဲ့ဟာကို ပြန်ပြီးဖြေသိမ့်နိုင်မယ့်ဟာ ကျွန်တော်တို့ မှာ ရှိတယ်။ ပါတီဘက်ကပြောရင် ပါတီမှာအားကောင်းတဲ့ခေါင်းဆောင်မှုတွေ ရှိတယ်။ ခေါင်းဆောင်ဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်တင်မဟုတ်ဘူး၊ အတွေ့ အကြုံရှိပြီး အားကောင်းတဲ့ခေါင်းဆောင်တွေ ရှိထားတာပါ။ နောက်ပြီး ပါတီရဲ့ မူဝါဒသဘောထားက အပြောင်းအလဲမရှိပါဘူး။ လူထုထောက်ခံမှုတွေ ရအောင်လည်း ဆက်ပြီးစည်းရုံးရဦးမှာပါပဲ။ စိတ်ပူတာတော့ စိတ်ပူတယ်။ စိတ်ပူပေမယ့် အရမ်းကြီး စိတ်ပူနေတာတော့ မရှိဘူး။ ပြုပြင်ပြောင်းလဲမှုတွေ ကျွန်တော်တို့ လုပ်နေတာရှိတယ်။ စီးပွားရေး ဦးမော့လာအောင် ကျွန်တော်တို့ မှာ လုပ်နိုင်တဲ့အနေအထားတွေလည်း ရှိနေတာတွေ့ ရတယ်။ အဓိကကျတဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကိုလည်း ဆက်တိုက်ကြိုးစားလုပ်ဆောင်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀ ပတ်ဝန်းကျင်မှာတော့ ပြည်သူလူထု အတော်အသင့် စိတ်ပြေပျောက်နိုင်တဲ့ ရလဒ်ကိုတော့ ရောက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ 
မေး - ဆရာတို့ ပါတီ ထိပ်တန်းခေါင်းဆောင်တွေ မကြာခဏပြောနေတာ ရှိပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်ဆိုတာမျိုးပေါ့။ အဲဒီမှာလည်း ထောက်ပြသူတွေက ဖွဲ့ စည်းပုံကြောင့်မဟုတ်ဘဲ လုပ်လို့ ရတဲ့အပိုင်းတွေ ၊ ဥပမာစီးပွားရေးလိုမျိုးပေါ့။ ဒါတွေလုပ်လို့ ရနိုင်တယ်မဟုတ်လားလို့ ထောက်ပြကြပါတယ်။ ဒီတော့ ဆရာတို့ ပြောပြောနေတဲ့ ဖွဲ့ စည်းပုံထဲက အတားအဆီးဆိုတာက ဘာများလဲခင်ဗျာ။ လူထုမသိသေးတဲ့ အချက်များလား။
ဖြေ - အဓိကကတော့ လူထုမသိတာကတော့ မရှိသလောက်ပဲခင်ဗျ။ အဓိက အခက်အခဲအတားအဆီးဖြစ်နေတာက လူထုသိတာကတော့ အားလုံးလည်းသိနေတာပဲ။ မသိတာရယ်လို့ တော့ ကျွန်တော်တို့ မထင်ဘူး။ တစ်ချို့ ဟာတွေ လူထုမသိနိုင်တဲ့အခက်အခဲအချို့ က ကျော်ပစ်လိုက်လို့ ဖောက်ထွက်လိုက်လို့ ရတယ်။ ဥပမာဆိုပါစို့ ဗျာ။ အုပ်ချုပ်ရေးပိုင်းမှာ သမ္မတသည်အထွဋ်အထိပ်အာဏာရှိတယ်။ သမ္မတက အထွဋ်အထိပ်အာဏာနဲ့ လုပ်ပိုင်ခွင့်တစ်ချို့ ကို စည်းရုံးလုပ်ဆောင်လို့ ရတယ်။ သမ္မတကလည်း ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့ပဲ မြင်ထားတာကိုး။ တစ်ချို့ ဟာတွေက ဖောက်ထွက်လို့ ရတယ်။ တကယ်တမ်းလုပ်မယ်ဆိုရင်တော့ ဖောက်ထွက်နိုင်မယ့်အနေအထားကို တွေ့ တယ်လို့ ကျွန်တော်ပြောချင်တယ်။ အရေးကြီးတာကတော့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စ၊ ၀န်ကြီးဌာနသုံးခု ယူထားတဲ့ကိစ္စ၊ ကာကွယ်ရေးဘတ်ဂျက်လို တို့ ထိလို့ မရတာမျိုးတွေက တော်တော်လေး အရေးကြီးတယ်။ ဒီဟာကို တစ်နည်းနည်းနဲ့ တော့ ဖောက်ထွက်ပြီးတော့ လုပ်ရမယ်လို့ ကျွန်တော်ထင်တယ်။ ဖွဲ့ စည်းပုံအရတော့ အဲဒီဟာတွေက အတားအဆီးတွေပဲ။ ဒါတွေကို သမ္မတအနေနဲ့ က ဖောက်ထွက်နိုင်မယ့်အနေအထားမျိုးတွေကို ရှာရမယ်လို့ ပဲ ကျွန်တော်ထင်တယ်။ 
မေး - ဆိုလိုချင်တာက ဆရာရယ်။ ဆရာတို့ ပါတီဘက်က တစ်ခုခုလုပ်ဖို့ အဆင်မပြေတိုင်း ဖွဲ့ စည်းပုံကြောင့်လို့ ပဲ ခေါင်းစဉ်တပ်တာကို ဝေဖန်ထောက်ပြလာကြတာပေါ့။ စီးပွားရေးလုပ်တာ ဖွဲ့ စည်းပုံက တားထားလို့ လားဆိုပြီး ထောက်ပြတာမျိုးတွေပေါ့။ ဖွဲ့ စည်းပုံကိုပဲ အပြစ်မတင်ဘဲ အလုပ်မလုပ်တတ်ဘူးလားပေါ့။ အရာရာကို ဖွဲ့ စည်းပုံကိုပဲ ခေါင်းစဉ်တပ်ရသလားပေါ့။ ဒါကို ဆရာ့အနေနဲ့ ဘယ်လို ရှုမြင်လဲခင်ဗျ။
ဖြေ - အဲဒါကိုလည်း သူတို့ ထောက်ပြတာတွေကို တစ်စုံတစ်ရာ ကျွန်တော် သတိထားမိလာတာရှိတယ်။ ဒါက သတိပြုကြရမှာပါပဲ။ ကျွန်တော်တို့ အခုလုပ်နေတဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းတွေဟာလည်း ဖွဲ့ စည်းပုံပေါ်မှာ အခြေခံပြီးတော့လုပ်တာမဟုတ်ဘူး။ စီးပွားရေးဆိုတာကတော့ ဘာပဲဖြစ်ဖြစ် ဖွဲ့ စည်းပုံနဲ့ ခပ်လှမ်းလှမ်းမှာရှိနေတာကိုး။ ဒါကို ဖွံ့ ဖြိုးတိုးတက်အောင်တော့ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ လုပ်နိုင်တယ်လို့ လည်း ယုံကြည်တယ်လေ။ ဖွဲ့ စည်းပုံကတော့ ဒါကို အတားအဆီးတော့မရှိပါဘူး။ တကယ်တော်တဲ့ အလုပ်လုပ်နိုင်တဲ့ ၀န်ကြီးအဖွဲ့ တွေ ပညာရှင်တွေ ရှိဖို့ ပဲ လိုတယ်။ ဟုတ်ပါတယ်။ ခင်ဗျားပြောသလို မှန်ပါတယ်။ ဖွဲ့ စည်းပုံကိုချည်းပဲ ကျွန်တော်တို့ သိပ်ပြီး အပြစ်တင်ပြီးတော့ လွှဲချနေလို့ တော့ မဖြစ်ဘူး။
မေး - ဆရာအစောပိုင်းပြောသွားတဲ့အထဲမှာ ၂၀၂၀ မတိုင်မီ လူထုစိတ်ကျေနပ်စေမယ့်အရာတွေ တွေ့ ထားတယ်ဆိုတာက ဘယ်လိုဟာမျိုးလဲခင်ဗျ။
ဖြေ - အဲဒါမှာလည်း အဓိကကတော့ စီးပွားရေးပေါ့လေ။ နောက်ပြီးတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးလည်း ကျွန်တော်တို့ ဆက်တိုက်လုပ်နေတာပဲ။ တတိယအကြိမ်ပြီးရင် စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ် စသဖြင့်ပေါ့လေ။ တဖြည်းဖြည်းနဲ့ ငြိမ်းချမ်းရေးအရှိန်မြှင့်လာလေလေ ဖွဲ့ စည်းပုံအခြေခံဥပဒေက ဘောင်ကျဉ်းလာလေလေပဲလေ။ ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက်လုပ်ခြင်းကနေ ပြည်သူလူထုရဲ့ ကျေနပ်နှစ်သိမ့်မှုကို ရနိုင်ပါမယ်။ ငြိမ်းချမ်းရေးနဲ့ တစ်ြ ပိုင်တည်း စီးပွားရေးကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရလိမ့်မယ်ပေါ့။ ဒါတွေက တစ်နွယ်ငင်တစ်စင်ပါပေါ့။ 
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ပေါ့ခင်ဗျာ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ လောက်မှာ နိုင်ငံ့တာဝန်ကနေ အနားယူပြီး ပါတီဘက်ကို ရွေးကောက်ပွဲအတွက် ဦးဆောင်ဖို့ ပြန်လာမယ်ဆိုတဲ့သတင်းက နိုင်ငံရေးအသိုင်းဝိုင်းမှာ ထွက်ပေါ်သားပြီးသားပါပဲ။ ဒီလို သတင်းတွေအပေါ်မှာ ဆရာ့ဘက်က ဘာများပြောချင်မလဲ။
ဖြေ - ကျွန်တော်တော့ အဲဒီမှန်းဆချက်ကို သိပ်မထင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ခေါင်းနဲ့ ပန်းလိုပါပဲ။ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလိုပါပဲ။ ခွဲလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှာ ၁၆ နှစ်လောက်ရှိနေတုန်းမှာလည်း ပါတီက သူ့ ဘာသာသူလုပ်နေကြတာပါပဲ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် အပြင်မှာလည်းရှိတယ်။ နေအိမ်အကျယ်ချုပ်မဟုတ်ဘဲ နိုင်ငံအတွက်အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်နေတာတောင် ပါတီကလည်း ဒီအတိုင်းပဲ သွားနေတာပါပဲ။ အဲဒီတော့ ကျွန်တော်မြင်တာကတော့ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျဝင်ပြီးတော့ မလုပ်သော်ငြားလည်း ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒနဲ့ ကြီးကြပ်မှုအောက်ကနေ ဆက်ပြီးတော့ သွားလို့ ရတယ်။ သို့ သော်လည်း အစိုးရမှာတော့ ဒေါ်အောင်ဆန်းစုကြည် မရှိလို့ မဖြစ်ဘူး။ ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်မဟုတ်သော်လည်းပဲ သူ့ ရဲ့ ခေါင်းဆောင်မှုကို ခံယူပြီးတော့ လုပ်သွားကြတာတွေရှိတယ်။ သိတဲ့အတိုင်းပဲလေ။ ၁၉၉၀ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျနေပေမယ့် ပါတီအနိုင်ရအောင် လုပ်ခဲ့ကြတာပဲ။ အဲဒီအတွေ့ အကြုံတွေအရ ပါတီက ရပ်တည်လို့ ရပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ 

အချိန်ပေးပြီး ဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  - Iris

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။