Skip to main content
စံချိန်သစ်ရှင် မိုဟာမက်ဆာလက်အား တိုက်စစ်မှူး ဒရော့ဘာ ချီးကျူး 
Ads Block

စံချိန်သစ်ရှင် မိုဟာမက်ဆာလက်အား တိုက်စစ်မှူး ဒရော့ဘာ ချီးကျူး 

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၎င်းတင်ထားခဲ့သည့် စံချိန်အား ချိုးဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သူ လီဗာပူး တိုက်စစ်ကစားသမား ဆာလက်အား လူမှုရေးစာမျက်နှာမှတဆင့် ချီးကျူးပြောဆိုမှု ပြုလုပ်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် လီဗာပူးအသင်းက အိမ်ကွင်း၌ ဘုန်းမောက်အသင်းအား ၃-၀ ဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် အီဂျစ်ကစားသမား ဆာလက်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် အာဖရိကကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ ခြင်းဖြစ်သည်။

အမေရိကန်ဒုတိယတန်းပြိုင်ပွဲဝင်ကလပ်တစ်ခုဖြစ်သည့် Phoenix Rising အသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်ကာ အဆိုပါအသင်းတွင် ပါဝင်ကစားနေသူ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာသည် ၂၀၀၉-၁၀ ပြည့်နှစ် ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ချဲလ်ဆီးအသင်းအတွက် ၂၉ ဂိုး သွင်းယူခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သည့် အာဖရိကကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။

အီဂျစ်ကစားသမား ဆာလက်သည် ဧပြီလ ၂၁ ရက်တွင် ၀က်စ်ဘရွမ်းနှင့်လီဗာပူးတို့ နှစ်ဂိုးစီ သရေကျခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးအသင်းအတွက် သွင်းဂိုး ၃၁ ရှိသွားပြီဖြစ် ကာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားဆုစာရင်းကို ဦးဆောင်နေသူဖြစ်သည်။

တိုက်စစ်မှူး ဒရော့ဘာသည် ၂၀၁၇ ခုနှစ် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဆာလက်နှင့် တွဲဖက် ရိုက်ကူးထားသော ဓာတ်ပုံကို သူ၏ Instagram စာမျက်နှာတွင် ဖော်ပြကာ အဆိုပါ ဓာတ်ပုံနှင့်အတူ “ညီငယ် ဆာလက် အတွက် ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဆာလက်ဟာ ကျွန်တော်တို့ အာဖရိကတိုက်ရဲ့ ဂုဏ်ကို တတ်စွမ်းသမျှ မြင့်တင်ပေးနေဦးမှာပါ။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ဆာလက်ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးအထိ မရောက်သေးပါဘူး”ဟု ရေးသားဖော်ပြခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဆာလက်သည် ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးအသင်းအတွက် စုစုပေါင်း ၄၆ ပွဲ ပါဝင် ကစားပြီးချိန်၌ ၄၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။

  • အကုန်သိ သတင်းဌာန
     
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။