Skip to main content
စပါးစ်အသင်း၏ ကွင်းသစ်
Ads Block

စပါးစ်အသင်း၏ ကွင်းသစ်အတွက် အလုပ်သမားခေါ်ယူမှု ပြုလုပ်နေခြင်းကြောင့် မန်စီးတီးနှင့်ပွဲကို ကွင်းသစ်တွင် ယှဉ်ပြိုင်နိုင်ရေး မရေမရာဖြစ်နေ 

 ပရီးမီးယားလိဂ်ကလပ် စပါးစ်အသင်း၏ အိမ်ကွင်းသစ်ကို တည်ဆောက်ပေးနေသည့် ဆောက်လုပ်ရေးအဖွဲ့များအနေဖြင့် လာမည့် သုံးလအတွင်း ကွင်းတည်ဆောက်ရေး အပြီးမသတ်နိုင်မည်ကို စိုးရိမ်မှုရှိနေပြီး အရေးပေါ် အလုပ်ခေါ်ယူမှု များပြုလုပ်နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက လန်ဒန်မြောက်ပိုင်းတွင် ကြီးမားသည့် လုပ်ငန်းခွင်တစ်ခုအတွက် လျှပ်စစ်ပိုင်းကျွမ်းကျင်သူ ၁၀ ဦးအား သုံးလစာချုပ်ဖြင့် အလျင်အမြန်လိုအပ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

စပါးစ်အသင်း၏ ကွင်းသစ်

ထိုအလုပ်အကိုင် ခေါ်ယူမှုသည် စပါးစ်အသင်း၏ အိမ်ကွင်းအတွက်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ အေဂျင်စီနှင့် နီးစပ်သူတစ်ဦးက Sunsport သတင်းစာသို့ ပြောဆိုခဲ့သည်။ စပါးစ်အသင်းသည် ကွင်းသစ်၏ ပထမဆုံးပွဲအဖြစ် စက်တင်ဘာ ၁၅ ရက်တွင် စပါးစ်အသင်းက အိမ်ကွင်း၌ လီဗာပူး အသင်းအား လက်ခံကစားရမည့်ပွဲကို ကျင်းပသွားရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း ဆောက်လုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက စပါးစ်အသင်းဥက္ကဋ္ဌ လေဗီအား ကွင်းသစ်မှ အရေးပါသော လုံခြုံရေးဆိုင်ရာစနစ်များ စီစဉ်တပ်ဆင်မှု သည် အချိန်မီ ပြီးစီးနိုင်မည်မဟုတ်ဟု အသိပေးပြောဆိုခဲ့ခြင်းကြောင့် စပါးစ်အသင်းအနေဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် လီဗာပူး၊ အောက်တိုဘာလ ၆ ရက်တွင် ကာဒစ်ဖ်အသင်းတို့အား အိမ်ကွင်းတွင် လက်ခံကစားရမည့်ပွဲများကို ယာယီအိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ၀င်ဘလေကွင်းတွင်သာ လက်ခံကစားရမည်ဖြစ်သည်။

စပါးစ်အသင်း၏ အလုပ်သမားများ

စပါးစ်အသင်းက အောက်တိုဘာလ ၂၈ ရက်တွင် မန်စီးတီးအသင်းအား စပါးစ်အသင်းက အိမ်ကွင်း၌ လက်ခံကစားရ မည့်ပွဲစဉ်အား ကွင်းသစ်တွင် လက်ခံကစားနိုင်ရန် မျှော်လင့်ထားသည်။ သို့သော်လည်း အလုပ်သမားရှာဖွေရေး အေဂျင်စီမှ အလုပ်သမားခေါ်ယူမှုအရ စပါးစ်အသင်းအနေဖြင့် မန်စီးတီးနှင့်ပွဲကိုလည်း ကွင်းသစ်တွင် လက်ခံကစားနိုင်ရေးမှာ မရေမရာဖြစ်နေရသည်ဟုဆိုသည်။ စပါးစ်အသင်းမန်နေဂျာ ပိုချက်တီနိုက အောက်တိုဘာလ ၂၈ ရက်တွင် စပါးစ်အသင်းနှင့် မန်စီးတီးတို့ပွဲစဉ်အား ၀င်ဘလေကွင်း၌ပင် ကစားသွားရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ သို့သော်လည်း အောက်တိုဘာ ၂၈ ရက်နေ့တွင် ၀င်ဘလေကွင်း၌ NFL ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။ ထို့ကြောင့် စပါးစ်အသင်း အနေဖြင့် မန်စီးတီးနှင့်ပွဲစဉ်အား ၀င်ဘလေကွင်းတွင် လက်ခံကစားမည်ဆိုပါက ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းတစ်ခုကို ချိုးဖောက်ကာ အောက်တိုဘာ ၂၉ (တနင်္လာနေ့)ညတွင်မှ ယှဉ်ပြိုင်ကစားရေးမှာ တစ်ခုတည်းသော နည်းလမ်းအဖြစ် ရှိနေသည်။ စပါးစ်မန်နေဂျာ ပိုချက်တီနိုက “မန်စီးတီးနဲ့ပွဲကို NFL ပွဲ ကျင်းပပြီးချိန်မှာ ကစားမယ်ဆိုရင်လည်း NFL ပွဲကြောင့် ကွင်း အနေအထား ပျက်ယွင်းမှုတွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲကို ရက်ရွှေ့ဆိုင်းဖို့ ခက်ခဲတာကြောင့် အကောင်းဆုံးဖြစ် အောင် ကြိုးစားသွားရမှာပါ။ ကွင်းသစ်နဲ့ပတ်သက်လို့ စပါးစ်အသင်းရဲ့ ကြေညာချက်ကြောင့် ကျွန်တော် စိတ်မကောင်း ဖြစ်ရသလို စပါးစ်အသင်း၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ စပါးစ်အသင်း ဥက္ကဋ္ဌ လေဗီအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ သူဟာ ကွင်းသစ်တည်ဆောက်ရေးကို အချိန်မီပြီးစီးအောင် ကြိုးစားလုပ်ဆောင်ခဲ့သူပါ။ ဒါကို ကျွန်တော် ခံစားနားလည်မိတယ်”ဟု ပြောဆိုခဲ့သည်။

  • အကုန်သိ သတင်းဌာန
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။