Skip to main content
ဦးကျော်ကျော်လှိုင်
Ads Block

ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်နေသည့်လုပ်ငန်းများ အခက်တွေ့နေဟုဆို

အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်နေကြသည့်လုပ်ငန်းများ အခက်တွေ့နေကြောင်း SMART GROUP OF COMPANIES မှ Chairman ဦးကျော်ကျော်လှိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများသည် စာချုပ်ချုပ်ဆိုစဉ်က ဒေါ်လာဈေးနှုန်းနှင့် နောက်ပိုင်း မြင့်တက်လာသည့် ဒေါ်လာဈေးကြောင့် တွက်ခြေမကိုက်တော့ဘဲ ၄င်းတို့လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် ဒေါ်လာဖြင့်ပြန်ဝယ်ရပြီး အစိုးရထံမှ ပြန်ရသည့်အခါ မြန်မာကျပ်ငွေသာ ပြန်ရသဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိကြောင်း သိရသည်။ “ ဒေါ်လာဈေးတက်တော့ အစိုးရနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီတွေ စထိတာပေါ့။ အစိုးရဆီကရရင် ကျပ်ငွေနဲ့ရတယ်။ သူတို့ကုန်ပစ္စည်းတွေကို ပြည်ပက ပြန်ဝယ်တဲ့အခါ ဒေါ်လာနဲ့ ဝယ်ရတယ်။ နောက်တစ်ခုက အစိုးရနဲ့ ကုမ္ပဏီကြားစာချုပ်ချုပ်ဆိုစဉ်က ဒေါ်လာဈေးက ၁၃၀၀ လောက်ရှိမယ်။ အခုဆိုရင် ၁၄၀၀ ကျော် သွားတော့ ကုမ္ပဏီဘက်က မကိုက်တော့ဘူးပေါ့။ ကျွန်တော့်အမြင်ပြောရရင် ဒေါ်လာဈေးတက်တာကို ထိန်းချုပ်လို့ မရနိုင်ဘူး။ အစိုးရကိုယ်တိုင်တောင် ဒေါ်လာဈေးမတက်အောင် ဝင်ထိန်းဖို့ဆိုတာ ခက်တယ်။ ချမ်းသာတဲ့နိုင်ငံတွေတောင် ဒေါ်လာဈေးမတက်အောင် ဝင်ထိန်းတယ်ဆိုရင် သတိနဲ့ ဝင်လုပ်ရတယ်။ ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းကြီးတောင် ဒေါ်လာနဲ့ ပတ်သက်လာရင် သတိကြီးကြီးလုပ်ရတယ်။ ဒီမှာတော့ ပိုဆိုးသွားတာပေါ့ ” ဟု SMART GROUP OF COMPANIES မှ Chairman ဦးကျော်ကျော်လှိုင်က ပြောသည်။ လက်ရှိတွင် အမေရိကန်ဒေါ်လာဈေးမာနေပြီး မြန်မာကျပ်ငွေဈေးကျဆင်းနေခြင်းမှာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပြည်ပပို့ကုန်များကျဆင်းနေခြင်း၊ အဓိကပို့ကုန်များဖြစ်သည့် ငါးနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ယခင်ကဲ့သို့ တင်ပို့နိုင်မှုမရှိခြင်း၊ ပြည်ပနိုင်ငံများတွင် ဆေးကုသခြင်း၊ ပညာသွားသင်နေရခြင်းတို့အတွက် ဒေါ်လာသုံးစွဲရမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာကျပ်ငွေဈေး ပြန်ခိုင်မာလာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ခြင်း၊ ပြည်ပသို့ ပို့ကုန်များများ တင်ပို့နိုင်ရန် ဆောင်ရွက်ခြင်း၊ ပြည်ပမှတင်သွင်းလာသည့် အသုံးအဆောင်ပစ္စည်းများတွင် ဇိမ်ခံ အသုံးအဆောင်ပစ္စည်းများကိုအခွန်တိုးကောက်ခြင်းနှင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများမှ မြန်မာနိုင်ငံသို့ လွှဲပို့ပေးသည့် ဒေါ်လာများအပေါ်တွင် စည်းကြပ်နိုင်ပါကကျပ်ငွေဈေး ပြန်ခိုင်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

   - အောင်သူရိန်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။