Skip to main content
ဂါရတ်ဘေး
Ads Block

ဂျုဗင်တပ်ဆီ ပြောင်းသွားတဲ့ ရော်နယ်ဒိုရဲ့ တာဝန်ကို ဂါရတ်ဘေးဆီ လွှဲပြောင်းပေးဖို့ ရီရဲလ်အသင်းက ဆန္ဒရှိနေ

ရီရဲလ်မက်ဒရစ်အသင်းဟာ ပေါင်သန်း ၁၀၀ နဲ့ ရောင်းထုတ်လိုက်တဲ့ စီရော်နယ်ဒိုရဲ့ နေရာနဲ့ တာဝန်အတွက် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးကို တာဝန်ယူစေလိုတယ်လို့ ထုတ်ပြောလာပါတယ်။ 

ရော်နယ်ဒိုနှင့် ဂါရတ်ဘေး

အထူးသဖြင့် စီရော်နယ်ဒိုနေရာအတွက် ပစ်မှတ်ထားစဉ်းစားသူတိုင်းလိုလိုက ၀ယ်ခွင့်ရဖို့ မသေမချာဖြစ်ပေါ်နေလို့ အသင်းရဲ့ ပရိသတ်တွေကြားမှာ စိတ်သက်သာရာ ရစေအောင် ဂါရတ်ဘေးကို ပခုံးပြောင်းတာဝန်ပေးချင်တယ်လို့ ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။ ဂါရတ်ဘေးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ အရန်ခုံကနေထလာပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူခဲ့တဲ့ ကစားသမားလည်း ဖြစ်သလို သူ့ ရဲ့ စွမ်းဆောင်နိုင်မှုကို ပြသထားခဲ့တာကြောင့်လည်း လာမယ့်ရာသီသစ်မှာ ဂါရတ်ဘေးကို နေရာပေးသွားဖို့ စဉ်းစားလာတဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးပေါင် ၈၅ သန်းကျော်နဲ့ စပါးအသင်းဆီကနေ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဂါရတ်ဘေးဟာ ရီရဲလ်အသင်းမှာ ငါးရာသီအတွင်း ပြိုင်ပွဲစုံ ၁၈၉ ပွဲသာ ကစားခွင့်ရခဲ့ပြီး သွင်းဂိုးပေါင်း ၈၈ ဂိုးသွင်းထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂါရတ်ဘေးဟာ ရီရဲလ်အသင်းမှာ အဓိကကစားသမားအဖြစ် နေရာမရခဲ့ဘဲ အရန်ခုံမှာသာ အချိန်ပေးရတာများတဲ့အတွက်ကြောင့် အသင်းကနေ ထွက်ခွာချင်ပြီလို့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ အသံထွက်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အသင်းရဲ့ စီနီယာလည်း ဖြစ်တဲ့ ရော်နယ်ဒိုက အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် ဂါရတ်ဘေးဟာ နေရာတစ်နေရာကို အခိုင်အမာရသွားဖို့ ရှိနေတာကြောင့် ရီရဲလ်ကနေ စွန့် ခွာဖို့ အခြေအနေဟာ အပြောင်းအလဲဖြစ်သွားခဲ့ပြီး နောက်ဆုံးအခြေအနေအရ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် နေရာပေးခံရဖို့ လည်း များလာတဲ့သဘောမျိုးဖြစ်ပါတယ်။ ဂါရတ်ဘေးကိုယ်တိုင်ကလည်း အသင်းရဲ့ အနာဂတ်မှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အဓိကကစားသမားတစ်ဦးအဖြစ် သက်သေပြချင်နေတယ်လို့ လည်း ဆိုပါတယ်။ 

  - မိုးတိမ် 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။