Skip to main content
သီလ၀ါ
Ads Block

ဆိပ်ကမ်းအကောက်ခွန် ညွှန်မှူး၊ ဒုညွှန်မှူးများပါသော(၁၂) ဦးအဖွဲ့ ၏ လာဘ်ပေးလာဘ်ယူ ကျုးလွန်မှုပေါ်ပေါက်

ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူးအဆင့်များပါဝင်သော အကောက်ခွန်ဦးစီးဌာနမှ အရာရှိ ၁၂ ဦးက Delivery Van ကားတင်သွင်းမှုအပေါ် လာဘ်ယူ၍ခွင့်ပြုပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇူလိုင်လ ၁၆ ရက်တွင် သီလ၀ါနယ်မြေရဲစခန်း၌ အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

သီလ၀ါဆိပ်ကမ်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇူလိုင်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်လာမှု၌ ယင်းကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ တို့ ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ပြီး အဆိုပါ(၁၂)ဦးလုံးကိုလည်း ဌာနဆိုင်ရာတာဝန်များမှ ရပ်စဲထားသည့်သဘောမျိုးဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ Delivery Van မော်တော်ယာဉ်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှပစ္စည်းများထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးပေး၍ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့ကို စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တိုင်ကြားလာရာမှ ယင်းကဲ့သို့ ပေါ်ပေါက်ခြင်းဟုလည်း သိရသည်။ တိုင်ကြားစာအရ ပထမအကြိမ်တင်သွင်းသော Delivery Van ၃ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို ဆိပ်ကမ်းမှထုတ်ယူရာတွင် စစ်ဆေးရေးအရာရှိက ငွေကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော Delivery Van ၂ စီးကို လေလံပယ်ဖျက် ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက်အကောက်ခွန်မှူးနှင့် ဒုလက်ထောက်အကောက်ခွန်မှူးတို့က ငွေကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီး အရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက်အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ထားသည်ဟု သိရသည်။

ယင်းအပြင် Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာအရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုခဲ့ခြင်း၊ Delivery Van များဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက်ဝန်ထမ်းများက အဂတိလိုက်စားမှုဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည်အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရ အရေးယူပေးပါရန် ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါနယ်မြေရဲစခန်းတွင် ၁၆-၇-၂၀၁၈ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေပြီဟု သိရသည်။ 

  -  မိုးတိမ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။