Skip to main content
ဒိုလေး
Ads Block

Akonthi Ads

တစ်ပတ်လုပ်ခပေါင်(၅)သိန်းနှုန်းပေးတဲ့ ဂျုဗင်တပ်အသင်းနဲ့ ရီရဲလ်မက်ဒရစ် စူပါစတား စီရော်နယ်ဒို လေးနှစ်စာချုပ်ချုပ်ဆို

ရီရဲလ်အသင်းကနေ ဘယ်တော့မှရောင်းထုတ်မှာ မဟုတ်ဘူးလို့ အထင်ရှိခဲ့ကြတဲ့ စီရော်နယ်ဒိုကို ဂျုဗင်တပ်အသင်းက တစ်ပတ်လုပ်ခပေါင် ၅ သိန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ စီရော်နယ်ဒိုရဲ့ အတည်ပြုပြောကြားချက်ကိုကိုးကားပြီး အားကစားသတင်းမီဒီယာတွေက ရေးသားဖော်ပြလိုက်ကြပါတယ်။
 

ဒိုလေး

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းကတည်းက ဂျုဗင်တပ်အသင်းဆီကို ပြောင်းရွှေ့ ဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေ ခပ်လှိုင်လှိုင်ထွက်လာခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၁၀ ရက်မှာတော့ ရီရဲလ်မက်ဒရစ်ဘုတ်အဖွဲ့ က ထွက်ပေါ်နေတဲ့သတင်းတွေကို အဆုံးသတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ " ကျွန်တော့်အနေနဲ့ (၉)နှစ်တာတိတိ အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့အနေအထားမျိုးနဲ့ ရီရဲလ်မှာ ကြုံတွေ့ ခဲ့ပါတယ်။ ရီရဲလ်အသင်းဟာ ကျွန်တော့်နှလုံးသားကို သိမ်းပိုက်ထားပြီးသားအသင်းဖြစ်ပါတယ်။ အသင်းဟာ ကျွန်တော့်မိသားစုလိုပါပဲ။ ကျွန်တော့်အနေနဲ့ ကတော့ အသင်းပရိသတ်တွေကိုရော၊ အသင်းကိုရော အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ တွေ၊ ဆေးအဖွဲ့ အပါအ၀င် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် " လို့ ရော်နယ်ဒိုက ပြောပါတယ်။ ဂျုဗင်တပ်အသင်းနဲ့ လေးနှစ်တာစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် စီရော်နယ်ဒိုဟာ တစ်ပတ်ကိုလုပ်ခပေါင် ၅ သိန်း ရရှိမှာဖြစ်ပြီး အပြောင်းအရွှေ့ တန်ကြေးဟာလည်း ယူရို ၁၁၂ သန်း(ပေါင် ၉၉ ဒသမ ၂ သန်း)ကျော်တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ ဟာ နေလ်မာ၊ အမ်ဘာပေနဲ့ ကော်တင်ဟိုတို့ ရဲ့ အပြောင်းအရွှေ့ ဈေးနှုန်းပြီးရင် စတုတ္ထမြောက်ဈေးအကြီးဆုံးအဖြစ် စာရင်းဝင်သွားခဲ့သလို ချန်ပီယံလိဂ်ဖလားလေးကြိမ်ဆွတ်ခူးထားသူ စီရော်နယ်ဒိုအတွက် လစာဟာလည်း ဈေးအကြီးဆုံးစာရင်းရဲ့ ထိပ်ဆုံးငါးဦးမှာ ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ ရီရဲလ်မက်ဒရစ်မှာ(၉)နှစ်တာကာလအတွင်း ကစားပွဲ (၄၃၆) ပွဲမှာ သွင်းဂိုးပေါင်း (၄၅၀) အထိ သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ အီတလီကလပ်ဆီ အပြောင်းအရွှေ့ သတင်းအပြီးမှာတော့ မက်ဆီ၊ ရော်နယ်ဒိုအားပြိုင်မှုတွေ ပြီးဆုံးသွားပြီလားလို့ မေးခွန်းရေးသားမှုတွေ ရှိလာသလို စီရော်နယ်ဒိုအလွန် ရီရဲလ်မက်ဒရစ်ရဲ့ နောက်ထပ်စတားက ဘယ်သူဖြစ်မလဲဆိုတာတွေပါ ထင်ကြေးပေးလာကြပါတယ်။

   - မိုးတိမ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။