Skip to main content
မီခေးလ်
Ads Block

နိုင်ဂျီးရီးယားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စဉ်အတွင်း မီခေးလ်၏ ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံခဲ့ရ

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ဂျီးရီးယားအသင်း၏ ကပ္ပတိန်ဖြစ်သူ ဂျွန်အိုဘီမီခေးလ် ၏ ဖခင်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ပြန်ပေးသမားများက မီခေးလ်၏ ဖခင်ဖြစ်သူ မီချဲလ်မီခေးလ်အတွက် ပြန်ပေးငွေ ပေါင် ၃၀၀၀၀၀ ပေးရန် တောင်းဆိုခဲ့ပြီး တောင်းဆိုချက်ကို လိုက်လျောခြင်းမရှိပါက မီချဲလ်မီခေးလ်အား သတ်ဖြတ်မည်ဟု ဖုန်းဆက်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

မီခေးလ်၏ ဖခင်

နိုင်ဂျီးရီးယားအသင်းက ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက်တွင် အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရမည့်ပွဲမတိုင်မီ နာရီအနည်းငယ်အတွင်း ပြန်ပေးသမားများက မီခေးလ်အား ဖုန်းဖြင့် ဆက်သွယ်ခဲ့ သကဲ့သို့ မီခေးလ်၏ အခြားမိသားစုဝင်တစ်ဦးထံသို့လည်း အလားတူ ဖုန်းဆက်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ ဖခင်ဖြစ်သူ ပြန်ပေးဆွဲမှု ခံထားရသော်လည်း ချဲလ်ဆီးကစားသမားဟောင်း မီခေးလ်သည် အာဂျင်တီးနားနှင့်ပွဲတွင် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့သည်။ မီချဲလ်မီခေးလ်သည် နိုင်ဂျီးရီးယားနိုင်ငံတွင် ဆွေမျိုးသားချင်းတစ်ဦး၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ဂျွန်အိုဘီမီခေးလ်၏ အစ်ကိုဖြစ်သူနှင့်အတူ Land Cruiser ကားဖြင့် ခရီးထွက်လာစဉ် လမ်းခရီးတစ်နေရာ၌ လမ်းလုံခြုံရေးအဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသည့် ပြန်ပေးသမားများက ယာဉ်ကို ရပ်တန့်စေကာ မီချဲလ်မီခေးလ် အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

မီခေးလ်

မီခေးလ်သည် အာဂျင်တီးနားနှင့်ပွဲအပြီးတွင် ပြန်ပေးသမားများ တောင်းဆိုသည့် ငွေများပေးရေး စီစဉ်ရန် ရုရှားနိုင်ငံမှ ချက်ချက်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။ မီခေးလ်၏ မိသားစုသည် မီချဲလ်မီခေးလ် ပြန်လည်လွတ်မြောက်လာရေး အတွက် ပေါင် ၂၁၀၀၀ သာ ပေးခဲ့ရကြောင်း၊ ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြန်ပေးသမားများက မီချဲလ်မီခေးလ်အား ပြန်လွှတ်ပေးရန် သဘောတူထားသည့် နေရာအနီးတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ မီချဲလ်မီခေးလ်သည် ထိုးကြိတ်နှိပ်စက်မှုများ ခံထားရပြီး ပြန်လည်လွတ်မြောက်လာချိန်တွင် ဖိနပ်နှင့် ဖုန်းလည်း ပြန်ပါလာခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ မီချဲလ်မီခေးလ်သည် ၂၀၁၁ ခုနှစ်အတွင်းကလည်း ပြန်ပေးဆွဲမှုခံခဲ့ရကာ ၁၀ ရက်ကြာ ဖမ်းဆီးခံခဲ့ရကာ ရဲတပ်ဖွဲ့ဝင်များ၏ ကယ်တင်မှုကြောင့် ပြန်လည်လွှတ်မြောက်လာခဲ့သူ ဖြစ်သည်။

  • အကုန်သိ သတင်းဌာန
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။