Skip to main content
မြန်မာနိုင်ငံ၏ အချို့ဒေသတွင် ဆရာဝန် မမြင်ဖူးကြသည့် လူများပင်ရှိနေဟုဆို
Ads Block

မြန်မာနိုင်ငံ၏ အချို့ဒေသတွင် ဆရာဝန် မမြင်ဖူးကြသည့် လူများပင်ရှိနေဟုဆို

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ဆရာဝန်ပင် မမြင်ဖူးကြသည့် လူများပင် ရှိနေကြောင်း On Doctor ကုမ္ပဏီမှ CEO ဒေါက်တာ ထက်စံလင်းက ပြောကြားလိုက်သည်။

ဇူလိုင် ၄ရက် က ရန်ကုန်သူနာပြုတက္ကသိုလ် ၌ ကျင်းပသော လူငယ်ကျန်းမာရေးအသိပညာပေး ပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

’’အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ကျန်းမာရေးအသိ အထူးသဖြင့် နယ်တွေမှာ ဆိုရင် ကျန်းမာရေးအသိပညာ အရမ်းအားနည်းပါတယ်။ နယ်တွေအထိ ကျွန်တော်တို့ကျန်းမာရေး အသိပေးတဲ့အခါမှာ တစ်ချို့ဒေသတွေမှာဆို ဆရာဝန်တောင်မမြင်ဖူးတဲ့ ဒေသတွေရှိကြပါတယ်။ သူတို့အနေနဲ့ မေးချင်တာတွေရှိတယ်။ ဒါပေမဲ့ မေးဖို့ အခွင့်အလမ်းမရှိကြပါဘူး’’ဟု ဒေါက်တာထက်စံလင်းက ပြောသည်။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ ဗီယက်နမ်နိုင်ငံတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၁၁ ဒသမ ၉ ဦး၊ စင်ကာပူတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၁၉ ဒသမ ၅ ဦး၊ ဂျပန်နိုင်ငံတွင် ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန် ၂၃ ဦး ရှိသည့်အချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူ ၁၀၀၀၀ လျှင် ဆရာဝန်ဦးရေ ၆ ဒသမ ၁ ဦးသာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိဝေးလံခေါင်ပါးသည့် အရပ်ဒေသများသို့ ဆရာဝန်များ စေလွှတ်ရာတွင် အချို့မှာ မသွားနိုင်၍ အလုပ်မှ နုတ်ထွက်သွားသော ဆရာဝန်များလည်းရှိပြီး ၄င်းကဲ့သို့မဖြစ်စေရန် ဆရာဝန်များအား နေအိမ်ဆောက်လုပ်ပေး၍  အလှည့်ကျစနစ်ဖြင့် စေလွှတ်သွားရန် စီစဉ်သွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကလည်း ပြောကြားထားသည်။

  • မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။