Skip to main content
ကျပ်သိန်းပေါင်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်ခိုင်းသူ အမျိုးသမီးအပါ သုံးဦးကို ဖမ်းမိ
Ads Block

Akonthi Ads

ကျပ်သိန်းပေါင်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်ခိုင်းသူ အမျိုးသမီးအပါ သုံးဦးကို ဖမ်းမိ

ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ဖမ်းဆီးရမိသည့် ကျပ်သိန်းပေါင်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်ခိုင်းသည့် အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းကြောင့် နောင်ချိုမြို့အ၀င် မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်း ၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စစ်ဆေးရေး ၀င်နေခဲ့ကြစဉ် ခရီးသည်တင် မော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည် မြင့်သူ ၅၁ နှစ်နှင့် မအေးဆိုင်မွမ်း ၃၈ နှစ်တို့ လင်မယား သယ်ဆောင်လာသည့် ကော်ပုံး ၄ ပုံးနှင့် ခရီးဆောင်အိတ်အတွင်းတို့မှ ၇ ဒသမ ၂၆ ကီလို အလေးချိန်ရှိ ဘိန်းဖြူဆပ်ပြာခွက် ၆၆၀ ခွက် ၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၈,၀၀၀ ပြား၊ ရွှေလက်ကောက် ၆ ကွင်း ၊ MC ဟန်းချိန်းတစ်ခု ၊ ရွှေဆွဲကြိုးတစ်ကုံး ၊ ဆွဲသီးတစ်ခု ၊ ရွှေလက်စွပ်လေးကွင်း ၊ ရွှေနားကပ်တစ်ရံ ၊ ငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း သုံးလုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် စစ်ဆေးချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ကချင်ပြည်နယ် ၊ ဟိုပင်မြို့တွင် နေထိုင်သည့် ဒေါ်နှင်းရီဆိုသူက အခကြေးငွေပေးပြီး သယ်ဆောင်ခိုင်းသည်ကို စစ်ဆေးချက်အရ သိရှိခဲ့ကြရာမှ မိုးညှင်းရဲတပ်ဖွဲ့ကို ချိတ်ဆက်ပြီး ည ၈ နာရီအချိန်တွင် ဟိုပင်မြို့၊ မြသီတာရပ်ကွက်၊ နယ်မြေ(၃)၊ နန်းချယ်ရီလမ်းနေအိမ်၌ အဓိကတရားခံ ဒေါ်နှင်းရီ ၄၂ နှစ်ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၈၉၃၉ ဒသမ ၄ သိန်း(သိန်း ၉၀၀၀ ခန့်) ဖြစ်ပြီး ပြစ်မှုကျူးလွန်သည့် ဒေါ်နှင်းရီ ၄၂ နှစ်နှင့် မြင့်သူ ၅၁ နှစ် ၊ မအေးဆိုင်မွမ်း ၃၈ နှစ် တို့လင်မယား စုစုပေါင်း သုံးဦးကို မူးစိတ်ပုဒ်မ ၁၉(က) ၂၀/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

  • ဒါးဇ(အကုန်သိသတင်းဌာန)

ဓာတ်ပုံ-ပြည်ထဲရေး

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။