Skip to main content
အဂတိကော်မရှင်
Ads Block

Akonthi Ads

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်းတာဝန်ခံဟု ဟန်ဆောင်လိမ်လည်သူပေါ်ပေါက်လာသဖြင့် ရဲတပ်ဖွဲ့ ဖမ်းဆီး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်း တာဝန်ခံဟု ဟန်ဆောင်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ ယာယီအသင်းဝင်အဖြစ် ဝင်ရောက်ပြီး ငွေကြေးလိမ်လည်သွားသူကို ဇွန်လ ၁၃ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဂတိကော်မရှင်

ယင်းဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းရုံးခန်းသို့ ဦးမင်းမင်းဦးဆိုသူ ရောက်ရှိလာပြီး အသင်းတွင် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်လိုကြောင်းပြောသဖြင့် ယင်းအသင်း၏ အတွင်းရေးမှူးက ၎င်းအား ကိုယ်ရေးအချက်အလက်များဖြည့်ခိုင်းပြီး ယာယီအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ ဦးမင်းမင်းဦးသည် ယာယီအဖွဲ့ဝင်တစ်ဦး ဖြစ်သွားသည့်အတွက် ရုံးခန်းသို့ မကြာခဏ လာရောက်လေ့ရှိပြီးနောက် ၁ လခန့်အကြာ ၎င်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးဝန်ထမ်း(ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ)တစ်ဦးဟု အဖွဲ့ဝင်များအား ပြောပြခဲ့ရာ အသင်းအဖွဲ့စည်းမျဉ်းအရ ၎င်းအား သာမန်အသင်းသားအဖြစ် ခွင့်ပြုနိုင်သဖြင့် ယာယီအသင်းဝင်အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ ယင်းနောက် ၁ လခန့်အကြာတွင် ဦးမင်းမင်းဦးသည် အသင်း၏ဥက္ကဋ္ဌအား ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးကံညွန့်သည် နိုင်ငံတော်ပိုင်မြေယာများကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်နေသူတစ်ဦးဖြစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စောင့်ကြည့်နေသူဖြစ်ကြောင်း၊ ဦးကံညွန့်အား တာဝန်မှရပ်စဲရန် ၎င်း၏ဖုန်းအတွင်းမှ ဦးကံညွန့်ဓာတ်ပုံများ ထုတ်ပြခဲ့ပြီး ၎င်းတို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်များလည်း ဦးကံညွန့်အား စောင့်ကြည့်နေကြောင်း ပြောပြခဲ့သည်ဟု သိရသည်။ အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည်လည်း ဦးမင်းမင်းဦး ပြောဆိုမှုကို ယုံကြည်၍ အသင်းအစည်းအဝေးပြုလုပ်ပြီး ဒုဥက္ကဋ္ဌဖြစ်သူ ဦးကံညွန့်ကို တာဝန်မှရပ်စဲခဲ့ကြောင်း၊ ဦးမင်းမင်းဦးသည် ရွှေပေါက္ကံ မြို့သစ်ရှိ ၎င်းနေထိုင်သည့် မြေကွက်အတွင်းမှ မြေနေရာအချို့ကို အသင်းအတွက် လှူမည်ဖြစ်ပြီး အဆိုပါမြေနေရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရုံးခွဲ(မြောက်ဥက္ကလာပ)မြို့နယ်ဟု ဆိုင်းဘုတ်စိုက်ထူပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရန် ကုန်ကျငွေအဖြစ် ငွေကျပ် ၇၀၀၀၀ ခန့် တောင်းခံသဖြင့် အသင်းဥက္ကဋ္ဌက ထုတ်ပေးခဲ့ပြီး ၎င်းထံမှ စစ်ဆေးရေးထွက်ရာတွင် ဝတ်ဆင်သည့် ယူနီဖောင်း ၂ စုံကို ရယူသွားပြီးနောက် ပြန်လည်ပေးအပ်ခြင်းမရှိ၍ ဦးမင်းမင်းဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းဟု ပြောဆိုသည့်အတိုင်း ဟုတ်မဟုတ် လိုက်လံစုံစမ်းခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်ရှိ အသင်းအတွက် ၎င်းလှူမည်ဟုပြောဆိုကာ အသင်းရုံးခွဲဆိုင်းဘုတ် စိုက်ထူထားသည့်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြေယာစီမံခန့်ခွဲရေးကော်မတီမှ မူလပိုင်ရှင်လယ်သမားများထံသို့ ပြန်လည်ပေးအပ်ရန် စိစစ်နေသောမြေဟု သိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။ ဦးမင်းမင်းဦးသည် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းဟုတ်မဟုတ် စိစစ်ပြန်ကြားပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ စာရေးသားပေးပို့မေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ၁၈-၅-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ အဂတိ/၇၆၀၃ (၁၁၁၃/၂၀၁၈) ဖြင့် ဝန်ထမ်းမဟုတ်ဟု ပြန်ကြားလာခဲ့ကြောင်းလည်း သိရသည်။ " မနေ့ ညကပဲ ရွှေပေါက်ကံဘက်မှာ ဒေသအုပ်ချုပ်ရေးမှုးတွေနဲ့ ရဲတပ်ဖွဲ့ က ၀ိုင်းပြီးဖမ်းခဲ့ကြတာ။ မြောက်ဒဂုံရဲစခန်းကို လွှဲပေးထားပါတယ်။ ကျွန်တော်တို့ လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ဆက်သွယ်ပြီး တော်တော်လေး လုပ်လိုက်ရတာပါ " ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အကုန်သိသတင်းဌာနသို့ ဇွန်လ ၁၄ ရက်နေ့ လယ်ပိုင်းတွင် ပြောကြားသည်။ 

ယင်းကဲ့သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ ယာယီအသင်းဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ အထင်အမြင်လွဲမှားစေရန် အကြံဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)ဟု ဟန်ဆောင်၍ အသင်း၏ ဒုဥက္ကဋ္ဌ ဦးကံညွန့်အား တာဝန်မှရပ်စဲရန် တွန်းအားပေးခြင်းများ ပြုလုပ်ခဲ့သူ ဦးမင်းမင်းဦးကို အရေးယူပေးရန် ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်က အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က တိုင်းကြားခဲ့သဖြင့် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက (ပ)၁၀၀၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၁၇၀ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  - နိုင်မင်းလွင်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။