Skip to main content
bherhrh
Ads Block

အင်းစိန် BPI စက်ရုံမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား

အင်းစိန် BPI ဆေးဝါးစက်ရုံမှူးဖြစ်သူ ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ BPI ဆေးဝါးစက်ရုံမှစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို စက်တင်ဘာလ ၆ ရက်က အင်းစိန်မြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။

“မနေ့ကဖွင့်တာပေါ့။ ဒီနေ့မှာ သူတို့ဌာနကနေတရားဝင်ကြေညာသွားမယ်လို့သိရတယ်။ သူတို့စက်ရုံမှာသုံးဖို့ ပစ္စည်းမှာတယ်။ မှာတဲ့ပစ္စည်းကိုမသုံးဘဲနဲ့ အခြားပစ္စည်းတွေသူသုံးနေတာပေါ့။ မှာတုန်းကတော့ ဈေးကြီးတဲ့ပစ္စည်းကိုသုံးမယ်ဆိုပြီးမှာတယ်။ တကယ်တမ်းသူသုံးတဲ့အခါကျတော့ ဈေးသက်သာတဲ့ ပစ္စည်းတွေသာ သုံးနေလို့ဆိုပြီး အမှုဖွင့်ထားတာလို့တော့ အကြမ်းမျဉ်းသိရတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ အတည်ပြုဖြေကြားသည်။ 

BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ဝန်ကြီးများ (၂၃၄)ကြိမ်မြောက် အစည်းအဝေး၊ ပထမအကြိမ်ပြည်တော်သာညီလာခံ၏ခွင့်ပြုချက်အရ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် တွင် အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှ Evans Medical Supplies Ltd; နှင့်စာချုပ်ချုပ်ဆိုကာ ငွေကျပ်သန်း ၆၀ ဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ၁၉၅၈ ခုနှစ်မှစတင်၍ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုးနှင့် ပဋိဇီဝပိုးသတ်ဆေးများကို ယနေ့အထိထုတ်လုပ်နေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Unicode Version

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။