

ပြည်ထောင်စုစာရင်းစစ်ချုပ်ကခွင့်ပြုမှသာ YBS နှင့်သက်ဆိုင်သည့်စာရင်းများကိုစစ်ခွင့်ရမည်ဟု ဆို
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရင်းနှီးထည့်ဝင်ထားသော YBPU နှင့် YUPT တို့၏ စာရင်းများကို တိုင်းစာရင်းစစ်ချုပ်မှ တိုက်ရိုက်စစ်ခွင့်မရှိဘဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ကခွင့်ပြုမှသာစစ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ဇွန်လ ၁၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ ရင်းနှီးထားသည့် YBPU နှင့် YUPT တို့ရှိပုံသေပိုင်ပစ္စည်းအပါအဝင် တန်ဖိုးလျော့ ရာခိုင်နှုန်းမှာ ၁၂.၅ ရာခိုင်နှုန်းမှန်ကန်မှု ရှိ/မရှိနှင့် မော်တော်ယာဉ်များ ၈ နှစ်ကြာသုံးစွဲပါက ခိုင်ခံ့မှုရှိ/မရှိ မေးခွန်းကို ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးဦးကျော်ဇေယျ၏ မေးမြန်းခြင်းကို ပြန်လည် ဖြေကြားပေးခြင်းဖြစ်သည်။
“ အများပိုင်ကုမ္ပဏီများဖြစ်တဲ့အတွက် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရသော်လည်ကောင်း၊ ၂၀၁၇ အသစ်ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရသော်လည်းကောင်း အများပိုင်ကုမ္ပဏီများကို ကုမ္ပဏီများကိုခန့်အပ်တဲ့စာရင်းစစ်တဲ့အဖွဲ့ကပဲစစ်ရပါတယ်။ တကယ်လို့ လိုအပ်မှသာ နိုင်ငံတော် စာရင်းစစ်ချုပ်ရဲ့ ခွင့်ပြုချက်နဲ့ပဲစစ်ရပါတယ်။ စစ်ဆေးတဲ့အစီအစဉ်များကစနစ်တကျရှိပါတယ်” ဟု ဦးမြင့်သောင်းက ပြောသည်။
မ.ထ.သစနစ်မှ YBS စနစ်သို့ပြောင်းလဲရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ငွေကျပ် ၇၀ ဘီလံထည့်ဝင်ပြီး YBPU နှင့် YUPTအများပိုင်ကုမ္ပဏီနှစ်ခုသို့ ငွေကျပ် ၃၅ ဘီလျံစီရင်းနှီးမြုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ကလူပိန်းတွက်နဲ့တွက်မယ်ဆိုရင် ၁၂.၅ ရာခိုင်နှုန်းဆိုရင် အရင်းကျေကာလက ၈ နှစ်သတ်မှတ် ထားတယ်။ ဒီကားတွေကနားလည်တဲ့သူတွေမေးလိုက်တဲ့အခါမှာလည်း တရုတ်ကားက ဘယ် ၈ နှစ် ခံမလဲဆိုတာ ပြောတာ။ ပြည်သူ့ငွေဖြစ်တဲ့အတွက် ကျပ်ငွေ ၇၀ ဘီလျံကတော့ မမြတ်ရင်နေ၊ ရှုံးလို့တော့ မရဘူး။
အရင်းပျောက်သွားလို့မရဘူး။အဲဒါကိုမေးရခြင်းဖြစ်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ယခင် မ.ထ.သလက်ထက်၌ ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်၊ ယာဉ်အစီးရေပေါင်း ၄၀၀၀ ကျော်ဖြင့် ပြေးဆွဲခဲ့ကာ YBS စနစ်စတင်ပြောင်းလဲချိန်တွင် ယာဉ်အစီးရေပေါင်း ၃၀၀၀ ဝန်းကျင်၊ ယာဉ်လိုင်းပေါင်း ၇၉ လိုင်းဖြင့် စတင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် ယာဉ်လိုင်းပေါင်း ၈၀ ကျော်၊ ယာဉ်အစီးရေပေါင်း ၆၀၀၀ ခန့်ဖြင့်ပြေးဆွဲနေကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)