Skip to main content
sdgvbg
Ads Block

သင္ရုိးသစ္တြင္ “လက္ေဆာင္” ကဗ်ာ ျပန္လည္ထည့္သြင္းရန္ ေဆြးေႏြးသြားမည္

 

 

လာမည့္ ၂၀၂၀- ၂၀၂၁ ပညာသင္ႏွစ္ သင္ရိုးသစ္တြင္ “လက္ေဆာင္”ကဗ်ာကုိျပန္ထည့္သြင္းသင္ၾကားႏုိင္ရန္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တကၠသုိလ္၊ ျမန္မာစာဌာနမွ ပါေမာကၡဌာနမွဴး ေဒါက္တာေအာင္ျမင့္ဦးက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။

လက္ရွိ၌ စာဆိုေတာ္ မယ္ေခြေရးထားေသာ “လက္ေဆာင္” ကဗ်ာကို အဌမတန္းျမန္မာစာဘာသာတြင္ ပယ္ဖ်က္ၿပီး ဦးေၾကာ့သမီးမအိ ေရးသားသည့္ “ေအးခြင့္မဖန္” ကဗ်ာျဖင့္အစားထုိးထားေၾကာင္း သိရသည္။

“ ဒီကဗ်ာက ဆရာလည္းေဆာင္းပါးေတြေရးခဲ့ပါတယ္။ ေမတၱာဘြဲ႔ပါ။ ေဆးလိပ္နဲ႔ဘာမွမဆုိင္ပါဘူး။ ဒါကိုဖတ္လုိ႔ ေဆးလိပ္ေသာက္ခ်င္စရာလည္းမရွိသလုိ ေဆးလိပ္လုိက္ေသာက္မယ္ဆုိတာလည္းမျဖစ္ႏုိင္ပါဘူး။ အခုေတာ့ တာ၀န္ရွိသူေတြလည္းအမ်ားဆႏၵကုိသိသြားေရာေပါ့။ ဒီေတာ့ ဒီကဗ်ာကုိ ျပန္ထည့္ဖုိ႔ ဆရာတုိ႔အားလုံး ေဆြးေႏြးမွာပါ။ ဒီႏွစ္ေတာ့မမွီေတာ့ဘူးေပါ့။ သုိ႔ေသာ္လာမဲ့သင္ရုိးသစ္ ဥပမာအရင္ န၀မတန္း လာမယ့္ႏွစ္ ဒႆမတန္းမွာ ထည့္သင္ျဖစ္မယ္။ ဒါမွမဟုတ္ သူ႔အထက္ကတစ္တန္းတန္းမွာေပါ့။အဲဒီေတာ့ အခုဒီႏွစ္ အဌမတန္းကေက်ာင္းသားက ဒီကဗ်ာမသင္လုိက္ရလည္း ေနာက္ႏွစ္မွာသင္လုိ႔ရသြားမွာေပါ့။ အခုေလာေလာဆယ္ေတာ့ ဘာမွမဆုံးျဖတ္ရေသးဘူး။ ဒါေပမဲ့ ျပန္ထည့္ေအာင္ေတာ့လုပ္ၾကမယ္’’ဟု ရန္ကုန္တကၠသုိလ္၊ ျမန္မာစာဌာနမွ ပါေမာကၡဌာနမွဴး ေဒါက္တာေအာင္ျမင့္ဦးက ေျပာသည္။

“လက္ေဆာင္” ကဗ်ာတြင္ ေဆးလိပ္ႏွင့္ပတ္သက္ေသာ စာသားမ်ားပါ၀င္ေနသည္ဆိုကာ ဆရာ၀န္အခ်ိဳ႕က ေ၀ဖန္ေထာက္ျပခဲ့ၿပီးေနာက္ စာသင္ေက်ာင္းမ်ား၏ ေဆးလိပ္ကင္းစင္နယ္ေျမသတ္မွတ္ခ်က္ႏွင့္ မညီညြတ္သျဖင့္ သင္ရိုးမွပယ္ဖ်က္ျခင္းျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းမွ အကုန္သိသတင္းဌာနသို႔ ေျဖၾကားထားသည္။

“ အျဖဳတ္ခံလုိက္ရတာကုိလည္း ဘယ္သူ႔ကုိမွန္တယ္။မွားတယ္။ဆရာကမေျပာလုိပါဘူး။ ဒါကအေျခအေနနဲ႔ အခ်ိန္အခါက ရွိေသးတာကုိး။ အခုေတာ့ ကဗ်ာျပန္ပါဖုိ႔ကိစၥကဆရာတုိ႔ကိစၥေပါ့။ သင္ရုိးေတြမွာက ေဆးလိပ္တင္မဟုတ္ပါဘူး။ တစ္ျခားမေျပာေကာင္းတဲ့အရာေတြလည္းရွိပါတယ္။ ဒါေတြကုိရွင္းျပႏုိင္တဲ့ အခြင့္အာဏာ ဆရာတုိ႔မွာမရွိပါဘူး။ သင္ရုိးမွာကမထည့္ခ်င္လည္း ထည့္လုိက္ရတာရွိတယ္။ ထည့္ခ်င္ၿပီး မထည့္လုိက္ရတာလည္းရွိတယ္။ တစ္ေခတ္တစ္ခါကေပါ့’’ဟု ပါေမာကၡဌာနမွဴး ေဒါက္တာေအာင္ျမင့္ဦးက ဆက္ေျပာသည္။

အဆိုပါ “လက္ေဆာင္” ကဗ်ာပယ္ဖ်က္ျခင္းႏွင့္ပတ္သက္၍ ခုိင္မာသည့္သုေတသန စစ္တမ္းျပဳစုၿပီးမွ ေဆာင္ရြက္သင့္သည္ဟု ပညာေရး၀န္ႀကီးဌာနအား ညႊန္ၾကားထားေၾကာင္း ႏုိင္ငံေတာ္သမၼတရုံးမွ ေျပာေရးဆုိခြင့္ရွိသူဦးေဇာ္ေဌးကလည္း ေျပာၾကားထားသည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

သင်ရိုးသစ်တွင် “လက်ဆောင်” ကဗျာ ပြန်လည်ထည့်သွင်းရန် ဆွေးနွေးသွားမည်


လာမည့် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် သင်ရိုးသစ်တွင် “လက်ဆောင်”ကဗျာကိုပြန်ထည့်သွင်းသင်ကြားနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိ၌ စာဆိုတော် မယ်ခွေရေးထားသော “လက်ဆောင်” ကဗျာကို အဌမတန်းမြန်မာစာဘာသာတွင် ပယ်ဖျက်ပြီး ဦးကြော့သမီးမအိ ရေးသားသည့် “အေးခွင့်မဖန်” ကဗျာဖြင့်အစားထိုးထားကြောင်း သိရသည်။

“ ဒီကဗျာက ဆရာလည်းဆောင်းပါးတွေရေးခဲ့ပါတယ်။ မေတ္တာဘွဲ့ပါ။ ဆေးလိပ်နဲ့ဘာမှမဆိုင်ပါဘူး။ ဒါကိုဖတ်လို့ ဆေးလိပ်သောက်ချင်စရာလည်းမရှိသလို ဆေးလိပ်လိုက်သောက်မယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ အခုတော့ တာဝန်ရှိသူတွေလည်းအများဆန္ဒကိုသိသွားရောပေါ့။ ဒီတော့ ဒီကဗျာကို ပြန်ထည့်ဖို့ ဆရာတို့အားလုံး ဆွေးနွေးမှာပါ။ ဒီနှစ်တော့မမှီတော့ဘူးပေါ့။ သို့သော်လာမဲ့သင်ရိုးသစ် ဥပမာအရင် နဝမတန်း လာမယ့်နှစ် ဒဿမတန်းမှာ ထည့်သင်ဖြစ်မယ်။ ဒါမှမဟုတ် သူ့အထက်ကတစ်တန်းတန်းမှာပေါ့။အဲဒီတော့ အခုဒီနှစ် အဌမတန်းကကျောင်းသားက ဒီကဗျာမသင်လိုက်ရလည်း နောက်နှစ်မှာသင်လို့ရသွားမှာပေါ့။ အခုလောလောဆယ်တော့ ဘာမှမဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ပြန်ထည့်အောင်တော့လုပ်ကြမယ်’’ဟု ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ပြောသည်။

“လက်ဆောင်” ကဗျာတွင် ဆေးလိပ်နှင့်ပတ်သက်သော စာသားများပါဝင်နေသည်ဆိုကာ ဆရာဝန်အချို့က ဝေဖန်ထောက်ပြခဲ့ပြီးနောက် စာသင်ကျောင်းများ၏ ဆေးလိပ်ကင်းစင်နယ်မြေသတ်မှတ်ချက်နှင့် မညီညွတ်သဖြင့် သင်ရိုးမှပယ်ဖျက်ခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ အကုန်သိသတင်းဌာနသို့ ဖြေကြားထားသည်။

“ အဖြုတ်ခံလိုက်ရတာကိုလည်း ဘယ်သူ့ကိုမှန်တယ်။မှားတယ်။ဆရာကမပြောလိုပါဘူး။ ဒါကအခြေအနေနဲ့ အချိန်အခါက ရှိသေးတာကိုး။ အခုတော့ ကဗျာပြန်ပါဖို့ကိစ္စကဆရာတို့ကိစ္စပေါ့။ သင်ရိုးတွေမှာက ဆေးလိပ်တင်မဟုတ်ပါဘူး။ တစ်ခြားမပြောကောင်းတဲ့အရာတွေလည်းရှိပါတယ်။ ဒါတွေကိုရှင်းပြနိုင်တဲ့ အခွင့်အာဏာ ဆရာတို့မှာမရှိပါဘူး။ သင်ရိုးမှာကမထည့်ချင်လည်း ထည့်လိုက်ရတာရှိတယ်။ ထည့်ချင်ပြီး မထည့်လိုက်ရတာလည်းရှိတယ်။ တစ်ခေတ်တစ်ခါကပေါ့’’ဟု ပါမောက္ခဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ဆက်ပြောသည်။

အဆိုပါ “လက်ဆောင်” ကဗျာပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ ခိုင်မာသည့်သုတေသန စစ်တမ်းပြုစုပြီးမှ ဆောင်ရွက်သင့်သည်ဟု ပညာရေးဝန်ကြီးဌာနအား ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကလည်း ပြောကြားထားသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။