Skip to main content
စုသက်နှင်း(အကုန်သိသတင်းဌာန)
Ads Block

ရန်ကုန်မိုးပျံအမြန်လမ်းကို ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် လျာထားဟု ဆို

 

ရန်ကုန်မြို့အတွင်း ဆောင်ရွက်မည့်မိုးပျံအမြန်လမ်းစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းလည်ပတ်နိုင်ရန် လျာထားကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။

လက်ရှိတွင် စီမံကိန်းနှင့်မလွတ်ကင်းသည့်မြေနေရာများတွင် နေထိုင်သူများအတွက် လျော်ကြေးငွေ ပေးအပ်ခြင်း၊ သင့်တော်သည့်နေရာတွင် ပြန်လည်နေရာချထားရေးကိုဆောင်ရွက်ထားကြောင်း သိရသည်။

“ မြေပြင်ကွင်းဆင်းစစ်ဆေးတာနဲ့ ဒီဇိုင်းရေးဆွဲတာကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ သတ်မှတ်ထားတယ်။ ၂၀၂၇ ခုနှစ်မှာ လုပ်ငန်းလည်ပတ်နိုင်ဖို့လျာထားပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အခြေစံနမူနာတွေကို ယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စီမံကိန်းစတင် ဆောင်ရွက်မယ့် မြို့နယ်တွေနဲ့ လူထုတွေ့ဆုံမှုတွေ လုပ်နေပါတယ်။ သူတို့ဘက်ကိုလည်း မနစ်နာအောင် ဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်”ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

အဆိုပါမိုးပျံအမြန်လမ်းစီမံကိန်းမှာ လှိုင်သာယာဘူတာမှ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းသွား၍ ဘုရင့်နောင် တံတားတောင်ဘက်ခြမ်းမှ လှိုင်မြစ်ကိုဖြတ်၍ အုတ်ကျင်းဘူတာမှပါရမီလမ်းအတိုင်း မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ တိုးကြောင်ကလေးဘူတာအထိလည်းကောင်း၊ ယင်းအပြင် ဒလမှ မင်္ဂလာဒုံအထိပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

“ သူက မြို့ပတ်ရထားလမ်းသစ်တော့မဟုတ်ဘူး။ ရှိပြီးသား လမ်းဟောင်းရဲ့ဘေးကနေ သူကခွဲထွက်တာ။ သူ့ရဲ့လမ်းကြောင်းက မြေပြင်မှာရှာစရာမလိုဘူး။ ရထားလမ်းဟောင်းရဲ့ အပြင်ဘက်ကနေထွက်ပြီးတော့ ဘေးကနေကားသွားတာ။ ပြောရမယ်ဆိုရင် သူကနေရာအသစ်ပေါ့။ ဘူတာရုံ ၂၄ ရုံလောက်ဖြစ်မယ်။ နောက်တစ်ခါ ဘူတာရုံတစ်ရုံကို မြေဧက ၁ ဧက နဲ့ ၂ ဧကရမှဖြစ်မယ်။ ကျွန်တော်တို့ကတော့ သဘောမတူဘူး။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာက မြေနေရာရဖို့မလွယ်ဘူး။ ဖြစ်နိုင်မယ်မထင်ဘူး။ မီးရထားရဲ့ လမ်းဘေးဝဲယာမှာဆိုရင် ပေ ၅၀ လောက်ပိုတယ်။ မီးရထားလမ်းဟောင်းရဲ့ အပေါ်ကနေ အယ်လီဗိတ်တက် တိုင်တွေထောင်ပြီးတော့ မိုးပျံရထားမျိုးဆွဲရင် ဖြစ်နိုင်တယ်။ ဒါမျိုးဆို လွှတ်တော်က သဘောတူတယ်။ အများပြည်သူရဲ့မြေနေရာဆိုရင် လွှတ်တော်က ခွင့်မပြုဘူး။ သူတို့က ပြည်ထောင်စုကိုလည်း တင်ပြရဦးမယ်။ ပြီးရင်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တိုင်ပင်ရဦးမယ်။ ဒါက စီမံကန်းကြီးတစ်ခုဖြစ်နေတယ်။ အကုန်လုံးရဲ့ သဘောတူညီချက်ကို ယူရဦးမယ်”ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

အဆိုပါမိုးပျံအမြန်လမ်းစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ ရန်ပုံငွေမှ ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 - 

စုသက်နှင်း(အကုန်သိသတင်းဌာန)

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။