Skip to main content
Ads Block
ဓာတ်ပုံ - မိုးတိမ်လေး 
Unicode version
လမ်းဖောက်ရာမှတွေ့သည့်  ရွှေကြောနှင့် ပတ်သက်ပြီး ဒေသခံနှင့် လုံခြုံရေးအဖွဲ့ကြား ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားတွင် တွေ့ရှိထားသည့် ကျောက်ရွှေကြောနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်မည်ကို စိုးရိမ်နေကြောင်း ဗန်းမောက်မြို့နယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေ ကပြောသည်။
အဆိုပါတွေ့ရှိသည့် ကျောက်ရွှေကြောကို လက်ရှိတွင် ခရိုင်စီမံခန့်ခွဲ့မှု ကော်မတီမှ ဒေသခံများကို တူးယူခွင့်မပြုဘဲ ပိတ်ထားကြောင်း သိရသည်။
“ အစိုးရပိုင်းကလည်း လုပ်ငန်းစလျှောက်ပြီဆို ချထားပေးတာကလည်း နှေးလွန်းတယ်။ သိပ်အားမရဘူး။ အခု ပေါ်တဲ့နေရာက ဗန်းမောက်မြို့ရဲ့ အရှေ့ခြမ်းမှာ တွေ့တာ။ အရှေ့ခြမ်းကို ပြည်ထောင်စုက သတ်မှတ်ထားတာက လက်လုပ်လက်စားတွေကို ချမပေးဘဲနဲ့ ကုမ္ပဏီကြီးတွေကို ချထားပေးပြီး  အနောက်ခြမ်းကိုကျမှ လက်လုပ်လက်စားတွေကို ပေးမယ်။ အဲဒီလိုဟာလည်း ရှိနေ တယ်။ ပိတ်ထားပေမယ့်လည်း တူးကြမှာပဲ။ ကုမ္ပဏီကြီးတွေကိုပဲပေးမယ့် သဘောပဲရှိတယ်။ ကျွန်တော်လည်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်နေတာ။ ဖြစ်လေ့ဖြစ်ထလည်း ရှိတယ် ဒီမှာက။ အတတ်နိုင်ဆုံးတော့ အစိုးရအနေနဲ့ လုပ်ကွက်ငယ်တွေကို ထိန်းထိန်း သိမ်းသိမ်းချထားပေးရင် ဒီပြဿနာက ပြေလည်မယ်” ဟု ဦးဝင်းရွှေက ပြောသည်။
ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားရှိ ကျေးလက်လမ်းဖောက်လုပ်ရန်အတွက် တောင်ကြောကိုတူးရာမှ ရွှေကြောတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အရည်အသွေးကောင်းသည့် ရွှေများပါဝင်နေပြီး တစ်ချို့နေရာများတွင် တစ်ထောင်ခန့်အထိရှိသည့် ရွှေကြော များ ပါဝင်နေကြောင်းလည်း ၎င်းကပြောသည်။
အဆိုပါ ဒေသတွင် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ခွင့် ချထားပေးထားခြင်းမရှိခြင်းနှင့် တရားမဝင်ရွှေတူးခြင်း၊ မှောင်ခိုတူးယူမှုများရှိ နေခြင်းတို့ကြောင့် ပဋိပက္ခဖြစ်ပွားလေ့ရှိကြောင်းလည်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။ 
လက်ရှိတွင် ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားရှိ ညောင်ပင်ဆိပ်ကျေးရွာနှင့် မံထုံကျေးရွာတို့အား ဆက်သွယ်သည့် ရွာချင်းဆက်လမ်းအား ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ပိတ်ပင်ထားကြောင်း သိရသည်။
ဓာတ်ပုံ - မိုးတိမ်လေး 
- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။