Skip to main content
Ads Block










 

Unicode version

ကလေးကစားကွင်း လိုင်စင်ဖြင့် တရားမဝင်ဂိမ်းဆိုင်ဖွင့်နေသည့် တရုတ်နိုင်ငံသားပိုင် ဂိမ်းဆိုင်ကို ရဲဝင်ဖမ်းရာ တရားမဝင်ဂိမ်း စက်များနှင့် ဆိုင်မန်နေဂျာပါ ၃၇ ဦး ဖမ်းဆီးရမိ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကလေးကစား ကွင်းလိုင်စင် ထုတ်ပေးထားသော်လည်း တရားမဝင် ဂိမ်းဆိုင် လုပ်ငန်းလုပ်ကိုင်နေသည့် လမ်းမတော်မြို့နယ်မှ တရုတ်နိုင်ငံသားပိုင် AVATAR ဂိမ်းဆိုင်ကို တိုင်ကြားမှုများ ရှိနေသည့်အတွက် C.I.D မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင်ဂိမ်းစက်များနှင့် ဆိုင်မန်နေဂျာပါ ၃၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်၂၉၀/၂၈၈ တွင် ဖွင့်လှစ်ထားရှိသော AVATAR ဂိမ်းဆိုင်အား ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်က C.I.D ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ခဲ့ရာ ဆိုင်အတွင်း၌ တရားမဝင် ဂိမ်းစက်များ သိမ်းဆည်းရမိခဲ့ပြီး ဆိုင်မန်နေဂျာပါ ၃၇ ဦးဖမ်းဆီးရမိခဲ့ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ သိရသည်။ 



“C.I.D က ဝင်ရောက် စစ်ဆေးတဲ့အခါ တရားမဝင်တဲ့ စက်တွေရှိသလို တရားဝင်တဲ့စက်တွေ လည်းရှိတယ်။ တရားမဝင်တဲ့ စက်တွေထဲမှာ အကြွေစေ့ ဂိမ်းစက်တွေလည်း ပါတာပေါ့။ လိုင်စင်က စည်ပင်ကနေ ချပေးထားတဲ့ ကလေးကစားကွင်း လိုင်စင်နဲ့ ဖွင့်ထားတာပေါ့။ အဲဒီမှာ သိန်းရာနဲ့ချီရှုံးကြတယ်။ အဲဒီလိုရှုံးနေတာကို တစ်ယောက်ကသိလို့ တိုင်လိုက်တာပေါ့။ ပိုင်ရှင်က တ ရုတ် နိုင်ငံသား။ ဝင်ဖမ်းတဲ့ အချိန်တုန်းက သူကမရှိဘူး။ အခင်းဖြစ်နေရာမှာရှိနေတဲ့ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေ၊ လာက စားတဲ့ သူတွေဖမ်းမိခဲ့တယ်” ဟု လမ်းမတော်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။



ဖမ်းဆီးရမိခဲ့သည့် ဆိုင်မန်နေဂျာ အိဖြူမြင့်၊ (၃၄) နှစ်၊ အမှတ်မရှိ၊ အသောက (၁) လမ်း၊ သင်္ဃန်းကျွန်းကြီး၊ စံပြကျေးရွာအုပ်စု၊ မင်္ဂလာဒုံမြို့နယ်နေသူအပါအဝင် ဆိုင်ဝန်ထမ်း ၁၄ ဦးနှင့် လာရောက်ကစားသူ ၂၃ ဦး စုစုပေါင်း ၃၇ ဦးကို ည ၁၁ နာရီခွဲခန့်တွင် လမ်းမတော်မြို့မရဲစခန်း၌ (ပ) ၁၈ /၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၁၃ (က) / ၁၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားကို အမှုဖွင့်အရေးနိုင်ရေးအတွက် C.I.D ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Photo - Lanmadaw Township Info Committee NLD

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။