Skip to main content
ဒုဝန်ကြီး ဦးကျော်လင်း
Ads Block

လမ်းလုံးဝမရှိဘဲနေထိုင်ရသည့် ပြည်သူ ၄ သန်းခန့် ရှိနေပြီး လူဦးရေ ၁၀၀၀ အထက်ကျေးရွာများကို ၂၀၂၀ မတိုင်မီ လမ်းဖောက်ပေးမည်

မြန်မာနိုင်ငံတွင် လမ်းလုံးဝမရှိသော ဒေသ၌နေထိုင်သည့် ကျေးလက်နေပြည်သူ ၄ သန်းခန့် ရှိနေပြီး လူဦးရေ ၁၀၀၀ နှင့်အထက်နေထိုင်သော ကျေးရွာများအားလုံးကို ၂၀၂၀ မတိုင်မီ ရာသီမရွေးသွားလာနိုင်သည့်ကျေးလက်လမ်းများဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။ 


ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ရေးဆွဲထားပြီးဖြစ်သော မဟာဗျုဟာစီမံချက်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းများကို အစီအစဉ်တကျ
သတ်မှတ်နှစ်အလိုက် တိုးချဲ့ ပေးသွားရန် ရှိနေကြောင်း ဒုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။ " ရည်မှန်းချက်အနေနဲ့ ကျေးလက်လမ်းတံတားများ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူများရဲ့ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များကို အသုံးပြုပြီး အမြန်ဆုံးဆက်သွယ်သွားလာရေး၊ အမျိုးသားပို့ ဆောင်ရေးပင်မ စီမံကိန်းကို အထောက်အကူပြုရေး၊ ၂၀၃၀ ခုနှစ် မြန်မာနိုင်ငံရဲ့ ကျေးရွာများအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်တဲ့ ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့ ဖြစ်ပါတယ် " ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြည်သူ့ လွှတ်တော်တွင် ဖြေကြားသည်။

ရှမ်းပြည်နယ်ရှိ ဒေသအချို့ 

အာရှဖွံ့ ဖြိုးရေးဘဏ်က ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လမ်းကွန်ရက်များ၏အနေအထားကို စစ်တမ်းပြုစုခဲ့မှု၌ လူဦးရေ ၅၁ သန်းကျော်တွင် ၇၀ ရာခိုင်နှုန်းသော ပြည်သူ ၃၅ သန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြောင်း၊ ကျေးလက်တွင်နေထိုင်သည့် ၃၅ သန်းကျော်၏ ၂၈ ရာခိုင်နှုန်းသောပြည်သူ ၁၀ သန်းခန့် သည် ကတ္တရာလမ်း၊ ကွန်ကရိလမ်းများကို သုံးစွဲခွင့်ရနေကြောင်း၊ အမာခံလမ်းနှင့်ကျောက်ချောလမ်းကို အသုံးပြုနိုင်သော ပြည်သူမှာ ၃၅ သန်း၏ ၃၀ ရာခိုင်နှုန်း( ၁၁ သန်းခန့် ) ရှိနေကြောင်း သိရသည်။ " ခြောက်သွေ့ ရာသီမှာ သွားလာနိုင်တဲ့ကျေးလက်မြေသားလမ်းများကို အသုံးပြုနိုင်တဲ့လူဦးရေကတော့ ၁၀ သန်းလောက်ရှိပြီး ကျေးလက်လူဦးရေရဲ့ ရာခိုင်နှုန်း ၃၀ လောက်က အသုံးပြုနေကြတာဖြစ်ပါတယ်။ လမ်းလုံးဝမရှိတဲ့ဒေသတွေမှာ နေထိုင်တဲ့သူက ၄ သန်းလောက်ရှိပြီးတော့ ရာခိုင်နှုန်းအားဖြင့် ကျေးလက်နေလူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။ သူတို့ အတွက် လမ်းတွေ ဆက်ပြီးဖောက်ပေးသွားရမှာ ဖြစ်ပါတယ် " ဟု ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။ အာရှဖွံ့ ဖြိုးရေးဘဏ်စာရင်းအရ ပြုစုထားပြီးသော ကျေးရွာပေါင်း ၅၇၂၂၈ ရွာတွင် လူဦးရေ ၁၀၀၀ အထက်ရှိသော ကျေးရွာများအားလုံးကို ၂၀၂၀ မတိုင်မီ၌လည်းကောင်း၊ လူဦးရေ ၅၀၀ အထက်ရှိသော ကျေးရွာများ၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်မတိုင်မီတွင်လည်းကောင်း ရာသီမရွေးသွားလာနိုင်သည့်လမ်းများအဖြစ် ဖောက်လုပ်နိုင်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

" ဒီနေရာမှာ တစ်ချို့ ပြည်နယ်တွေမှာ လူဦးရေ ၂၅၀ တောင်မပြည့်တဲ့ ရွာတွေများစွာရှိပါတယ်။ ဒီလိုရွာတွေရဲ့ လမ်းပန်းဆက်သွယ်ရေးကိုတော့ အရေးကြီးတဲ့အခြေအနေကို ကြည့်ပြီးတော့ သီးခြားဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ် " ဟု ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။ ၀န်ကြီးဌာနတွင် ကျေးလက်လမ်းများမှ ပြည်ထောင်စုလမ်းမကြီးများအထိကို Class A ၊ B ၊ C ဟူ၍အဆင့်လိုက်ခွဲခြားထားကြောင်းလည်း သိရသည်။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။