ပေါက်ကွဲမှုကြီးဖြစ်အပြီး တစ်လအကြာတွင် ဘေရွတ်ဆိပ်ကမ်း၌ မီးလောင်မှုထပ်ဖြစ်ပြန်

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ရာ လက်ဘရွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းမှာ ကြာသပတေးနေ့က မီးလောင်မှုထပ်ဖြစ်ခဲ့ပါတယ်။ ယခုမီးလောင်မှုဟာ ရည်ရွယ်ချက်ရှိစွာ အဖျက်အမှောင့်လုပ်ခဲ့တာဖြစ်နိုင်သလို၊ နည်းပညာ အမှား သို့မဟုတ် ပေါ့ဆမှုတစ်ခုလည်း ဖြစ်နိုင်ကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို တတ်နိုင်သမျှ မြန်မြန် သိရဖို့လုပ်ဆောင်နေကာ ပတ်သက်ဆက်နွယ်သူတွေ တာဝန်ယူရမှာဖြစ်ကြောင်း လက်ဘနွန် သမ္မတ မစ်ချယ်အွန်းက တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။ လက်ဘနွန် စစ်တပ် သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ တာယာတွေနဲ့ ဆီတွေ သိုလှောင်ထားတဲ့ အဆောက်အအုံတစ်ခုမှာ မီးလောင်မှုဖြစ်ခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ကြာသပတေးနေ့ညပိုင်းမှာ ကြက်ခြေနီအဖွဲ့ ဒေသဆိုင်ရာဒါရိုက်တာ ဖာဘရီဇီယို ကာဘိုနီက ပြောဆိုခဲ့ရာမှာ အစားအစာ ပါဆယ်ထုတ်တွေနဲ့ ဆီလီတာ သန်းဝက်ခန့် သိုလှောင်ထားတဲ့ အဖွဲ့ရဲ့ ဂိုဒေါင်တစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ယခုမီးလောင်မှုဖြစ်စဉ်ကြောင့် ပေါက်ကွဲမှုကြီးအပြီး စားနပ်ရိက္ခာအခက်အခဲကြုံနေတဲ့ မြို့မှာ ကြက်ခြေအဖွဲ့က ဆောင်ရွက်နေတဲ့ လူသာချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ် အကြီးအကျယ် ပျက်ပြားသွားနိုင်တယ်လို့ ကာဘိုနီက ပြောဆိုပါတယ်။ သြဂုတ် ၄ ရက်နေ့က ဘေရွတ်ဆိပ်ကမ်းရှိ အမိုနီယမ်နိုက်ထရိတ် တန် ၂၇၀ဝ ထားရှိရာ သိုလှောင်ရုံ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူ ၁၉၀ ဦး ထက်မနည်းရှိခဲ့ကာ ၆၅၀ဝ ဦး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၃ သိန်းကျော်လောက် အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြီးကြောင့် ဒေါသတကြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အစိုးရအဖွဲ့ နုတ်ထွက်ပေးခဲ့ရပါတယ်။

Related Posts