မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနဲ့ အခြားဧရိယာတွေမှာ ရေပေးဝေရေး ပြတ်တောက်မှုများ ဖြစ်ပွား

မလေးရှားနိုင်ငံမှာ ရေပေးဝေမှု ပြတ်တောက်ခဲ့တာကြောင့် သုံးစွဲရေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကွာလာလမ်ပူအပါအဝင် ခရိုင် ၇ ခုကို ရေထောက်ပံ့မှု အပြည့်အ၀ ပြန်လည်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ တရားဝင်ရေပေးဝေရေး ကုမ္ပဏီ Air Selangor က ဗုဒ္ဓဟူးနေ့မနက် ( စက်တင်ဘာ ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ Air Selangor အနေနဲ့ ယခုလို အစီအစဉ်မရှိ ရေပြတ်တောက်မှုအတွက် စိတ်ရှည်သည်းခံပေးခဲ့တဲ့ သုံးစွဲသူတွေကို ကျေးဇူးတင်ရှိကြောင်း၊ ရေကို ပညာရှိစွာ အသုံးပြုသင့်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ နောက်ဆုံးရ ရေပေးဝေရေး သတင်းအချက်အလက်တွေကို Air Selangor ရဲ့ မိုဘိုင်း အက်ပလီကေးရှင်း၊ ဖေ့ဘုတ်ပေ့ ( သို့ ) ဝဘ်ဆိုက်ဒ်မှာ ကြည့်ရှုနိုင်ကြောင်း ကုမ္ပဏီရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲ Elina Baser ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က Klang (သို့ ) Shah Alam၊ Petaling၊ Kuala Langat၊ Hulu Selangor၊ Kuala Selangor၊ Gombak နဲ့ Kuala Lumpur ရှိ သုံးစွဲသူ ၁.၂ သန်းမှာ အစီအစဉ်မရှိဘဲ ရေပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယင်းဟာ Sungai Selangor ဆည်ရှိ ရေသန့်စင်စက်ရုံတွေမှာ ရေညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာတာကြောင့် အဆင့် ၃ ဆင့်နဲ့ ပိတ်ဆို့လိုက်ရပြီး Selangor ရဲ့ စီအီးအို Suhaimi Kamaralzaman က ရေပေးဝေမှု ပြန်လည်စတင်ဖို့ အနည်းဆုံး ၄ ရက်ကြာမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ Selangor ရဲ့ အရာရှိချုပ် Amirudin Shari က ညစ်ညမ်းမှု ဖြစ်စေတဲ့ စက်ရုံတွေကို အာဏာပိုင်တွေက နှစ်ပတ်ကြာ ထိန်းသိမ်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ စက်ရုံမန်နေဂျာ ၄ ဦးကို ဖမ်းဆီးထားပြီး စက်တင်ဘာ ၅ ရက်နေ့မှစကာ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကို ခြောက်ရက်ကြာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တနင်္လာနေ့က အသက် ၂၀ နှစ်နဲ့ ၅၇ နှစ် အရွယ်ရှိ စက်ရုံအလုပ်သမား ၂ ဦးကိုလည်း ၆ ရက်ကြာ စစ်ဆေးဖို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း Selangor ရဲအရာရှိ Noor Azam Jamaludin က ပြောကြားခဲ့ပါတယ်။ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က Sungai Gong ရဲ့ ညစ်ညမ်းမှုနဲ့ ပတ်သတ်ပြီး အာဏာပိုင်များအကြား အကျင့်ပျက်ခြစားမှု ရှိ/မရှိ ဆုံးဖြတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Related Posts