ဂျာကာတာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေတာကြောင့် ခပ်ခွာခွာနေခြင်း စည်းကမ်းတွေ ပြန်လည်တင်းကြပ်လာ

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာမှာ နေ့စဉ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ အသစ်တွေ ဆက်လက်မြင့်တက်နေတာကြောင့် ခပ်ခွာခွာနေခြင်း စည်းကမ်းတွေကို ပြန်လည်တင်းကြပ်သွားမှာ ဖြစ်ကြောင်း ဂျာကာတာ အုပ်ချုပ်ရေးမှူး Anies Baswedan က ဗုဒ္ဓဟူးနေ့ ( စက်တင်ဘာ ၉ ရက် ) မှာ ပြောကြားခဲ့ပါတယ်။ ဂျာကာတာမှာ ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုနှုန်း မြင့်တက်လာခြင်းနဲ့အတူ ကျန်းမာရေး အကြပ်အတည်းတွေ ဆက်လက်ရင်ဆိုင်နေရတာကြောင့် ဗိုင်းရပ်စ်ကူးစက်လူနာတွေအတွက် သီးခြားခွဲနေရာများနဲ့ အထူးကြပ်မက်ကုသရေး ယူနစ် ( ICU ) အခန်းတွေ ကန့်သတ်ထားပြီး ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်နိုင်စေရေးအတွက် “emergency brake” ထားရှိဖို့ ဆုံးဖြတ်ထားကြောင်း Mr Baswedan က ပြောကြားခဲ့ပါတယ်။ ဂျာကာတာမှာ သီးခြားအစီအမံပြုလုပ်ထားတဲ့ ကုတင်အရေအတွက် ၄၀၅၃ ရှိနေပြီး ၄င်းတို့ထဲမှ ၇၇ ရာခိုင်နှုန်းဟာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ တကယ်လို့ “emergency brake” မထားရှိဘူးဆိုရင် လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျန်ရှိတဲ့ ကုတင်အားလုံး လူပြည့်သွားနိုင်တယ်လို့ သိရပါတယ်။ အလားတူစွာပဲ “emergency brake” အစီအမံ မထားရှိရင် အထူးကြပ်မတ်ကုသရေး ( ICU ) ကုတင် ၅၂၈ လုံးဟာလည်း လာမယ့်စက်တင်ဘာ ၁၅ ရက်နေ့မှာ လူပြည့်သွားနိုင်ကြောင်း၊ ဂျာကာတာရဲ့ ဗိုင်းရပ်စ်ကူးစက်မှုမှာ သီးခြားခွဲကုတင်တွေနဲ့ ICU ကုတင်တွေ ပြတ်လပ်မှုဟာ အရေးပေါ်အခြေအနေမှာ ရှိနေကြောင်း၊ နိုင်ငံတော်သမ္မတက ကျန်းမာရေး အခြေအနေတွေ ထိန်းချုပ်နိုင်တဲ့တိုင်အောင် စီးပွားရေးတွေ ပြန်လည်စတင်ခြင်း မပြုဖို့ ပြောဆိုခဲ့ကြောင်း၊ ကျန်းမာရေးသည်သာ ပထမဦးစားပေးဖြစ်ပြီး ဂျာကာတာအနေနဲ့ “emergency brake” ချမှတ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိကြောင်း အုပ်ချုပ်ရေးမှူး Anies Baswedan က ပြောကြားခဲ့ပါတယ်။ ဂျာကာတာမှာ ဒေသဆိုင်ရာ လုပ်ငန်းများ၊ ကျောင်းစာများနဲ့ ကိုးကွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို အိမ်ကနေသာ ဆောင်ရွက်ကြဖို့အတွက် တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချမှတ်သွားမှာဖြစ်ကြောင်း၊ အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို တနင်္လာနေ့ ( စက်တင်ဘာ ၁၄ ရက်) ကစပြီး နေအိမ်မှ အလုပ်လုပ်ရမှာဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုသာ သက်ဆိုင်ရာ အလုပ်နေရာတွေမှာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်တွေကိုတော့ မကြာမီ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဂျာကာတာရှိ ဖျော်ဖြေရေး ဇာတ်ရုံတွေနဲ့ ပန်းခြံတွေကို ပိတ်ဆို့သွားမှာဖြစ်ပြီး စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၄၉၃၉၇ ဦးအထိ ထပ်တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်လူနာ ၂၀၃၃၄၂ ဦး၊ သေဆုံးသူ ၈၃၃၆ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ တရားဝင်ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Related Posts