တရုတ်တိုက်လေယာဉ်များစွာ ထိုင်ဝမ် လေပိုင်နက်အတွင်း ဝင်ရောက်

တရုတ်နိုင်ငံ တိုက်လေယာဉ်များစွာ ထိုင်ဝမ် အနောက်တောင်ပိုင်း လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး ယခု လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ အနောက်တောင်ပိုင်းရှိ တုံ့ပြန်ရေးဇုံအတွင်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းက တရုတ်ရဲ့ Su-30 နဲ့ J-10 အမျိုးအစား တိုက်လေယာဉ် တွေ ဝင်ရောက်ခဲ့တာဖြစ်ကြောင်းနဲ့ တိုက်လေယာဉ်များစွာ ပါဝင်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ တရုတ်ကွန်မြူနစ်တို့ရဲ့ တစ်ဖက်သတ် လုပ်ရပ်တွေကို ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ အလေးအနက် ရှုတ်ချကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ ထိုင်ဝမ် လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ယင်းကဲ့သို့ လှုပ်ရှားမှုတွေကို လျင်လျင်မြန်မြန်နဲ့ သင့်လျော်သလို တုံ့ပြန်နိုင်စွမ်းရှိပါကြောင်း ပြည်သူတွေအနေနဲ့ စိုးရမ်ထိတ်လန့်မှု မရှိကြဖို့ တောင်းဆိုပါကြောင်း ထိုင်ဝမ် စစ်တပ်က ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ် Liberty Times သတင်းစာရဲ့ ဖော်ပြချက်အရ တရုတ် တိုက်လေယာဉ်တွေ ထွက်ခွာသွားဖို့ ထိုင်ဝမ်က ရေဒီယိုဆက်သွယ်မှုကနေ နှုတ်အားဖြင့် သတိပေးချက် ၂၄ ခါ ထုတ်လွှင့်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်ဟာ လက်ရှိမှာ ယင်းရဲ့ အရှေ့တောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းလွန်မှာ ကျည်အစစ် စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ယခု ကိစ္စနဲ့ ပတ်သက်လို့ တရုတ်က လတ်တလောမှာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ CNA

Related Posts