ဘီလာရုစ် အရေး ကုလသမဂ္ဂက ကြားဝင်ပေးဖို့အတိုက်အခံ ခေါင်းဆောင် တောင်းဆို

အာဏာပိုင်တွေရဲ့ ဆန္ဒပြသူတွေ အပေါ် နှိမ်နင်းနေမှုများ ရပ်တန့်သွားစေရေးအတွက် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးဖို့ဘီလာရုစ် အတိုက်အခံခေါင်းဆောင် ဆဗက်လန်နာ တီခါနိုစကာယာက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အာဏာကို ဇွတ် ဖက်တွယ်နေတဲ့ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေကို ပိတ်ဆို့ဒဏ်ခတ်ခြင်းလည်း ပါဝင်သင့်တယ်လို့သူမက ပြောဆိုခဲ့ပါတယ်။
မြို့တော် မင့်စ်မှာ သောကြာနေ့က အစိုးရဆန့်ကျင်ရေး သီချင်း သီဆိုဟစ်ကြွေးနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လူကာရှန်ကို နုတ်ထွက်ပေးရေး လူများစွာ ပါဝင်တဲ့ ဆန္ဒပြမှုတွေ ဆက်လက် ပေါ်ပေါက်နေပါတယ်။
မင့်စ်ပြည်နယ် ဘာသာစကားပညာသင် တက္ကသိုလ်တစ်ခုမှာ သောကြာနေ့က ပရမ်းပတာ အခြေအနေတွေ ဖြစ်ပျက်ခဲ့တာကို တွစ်တာမှာ တင်ခဲ့တဲ့ ဗီဒီယိုတွေမှာ တွေ့ရပြီး ကျောင်း စင်္ကြန်လူအုပ်အတွင်းမှ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဆွဲထုတ်သွားခဲ့ကြပါတယ်။
ဖြစ်ပျက်နေတဲ့ အခြေအနေကို မှတ်တမ်းတင်ဖို့အတွက် နိုင်ငံတကာ စောင့်ကြည့်ရေးမစ်ရှင်တစ်ခု ဘီလာရုစ်ကို ချက်ချင်းလွှတ်ပေးဖို့မစ္စ တီခါနိုစကာယာက ဗီဒီယိုဆက်သွယ်မှုမှတဆင့် ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပါတယ်။ သူမဟာ အိမ်နီးချင်း လစ်သူရေးနီးယားနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရသူဖြစ်ပါတယ်။ “နိုင်ငံတစ်နိုင်ငံဟာ လူတစ်ဦးရဲ့ အာဏာ ငမ်းငမ်းတက်နေမှုအတွက် ဓါးစာခံမဖြစ်သင့်ပါဘူး” လို့သူမက ဆိုခဲ့ပြီး ဘီလာရုစ်နိုင်ငံသားတွေ နှိုးထနေကြောင်းနဲ့ ပြန်လှည့်မရတဲ့ အခြေအနေကို ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အလွတ်သဘော အစည်းအဝေးမှာ သူမက ပြောဆိုခဲ့ပါတယ်။ မစ္စ တီခါနိုစကာယာဟာ သြဂုတ် ၉ ရက်က ရွေးကောက်ပွဲမှာ အလက်ဇန်းဒါး လူကာရှန်ကို ကို ယှဉ်ပြိုင်ခဲ့တဲ့ အတိုက်အခံအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဆာဂေး တီခါနိုစကီနဲ့ အခြား သမ္မတကိုယ်စားလှယ်လောင်းတစ်ဦးတို့ ထောင်ချခံလိုက်ရပြီးနောက် သမ္မတ ရွေးကောက်ခံပြိုင်ပွဲအတွင်း သူမ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေးနဲ့ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး အတိုက်အခံအဖွဲ့က တောင်းဆိုကြောင်း သူမက ပြောဆိုခဲ့ပါတယ်။ BBC

Related Posts